Sunday, January 21, 2018

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး သံဃာအပါး နှစ်သောင်းဆွမ်းဆန်စိမ်းလောင်းလှူ မန္တလေးမြို့၌အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပ




မန္တလေး ဇန်န၀ါရီ ၂၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓမ္မကာယ ဖောင်ဒေးရှင်း အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သံဃာတော်အပါး နှစ်သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်တွင် ယနေ့ နံနက်ပိုင်းက အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၄င်းတို့၏ ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် အရာရှိကြီးများ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ဧည့်သည်တော်များ အလှူရှင်များ၊ ဌာနဆိုင်ရာ အသီးသီးနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော်သြ၀ါဒရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင် ဆရာတော်ကြီးများနှင့် ပြည်ပနိုင်ငံများမှ ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အဖွဲ့များက လေဆိပ်ခန်းမဆောင်တွင် အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် နိုင်သက်လွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က ဖယောင်းတိုင်များအား ထွန်းညှိပူဇော်ကြပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များက ပန်းများ ကပ်လှူပူဇော်ကြပြီး နမောတသ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်ဆရာတော်ကြီး၏ သြ၀ါဒအသံဖိုင်ကို နာယူကြပြီး ကြွရောက်လာကြသည့် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသဇ္ဈယ်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ထိုင်းနိုင်ငံမှ အလှူရှင် ခြောက်ဦးက ပစ္စည်းလေးပါး ဆက်ကပ်မှုကို တိုင်တည်ရွတ်ဆို၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ယနေ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ-ထိုင်း အလှူရှင်များမှ သံဃာတော်အပါး နှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးကို ကျင်းပဆောင်ရွက်ခွင့်ရသဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အလှူရှင်များအားလုံးတို့၏ ကိုယ်စားဝမ်းမြောက်ဝမ်းသာ ကြည်နူးမှုဖြစ်ရပါ ကြောင်းနှင့် ယခုကဲ့သို့ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိယတ္တိ ပဋိပတ္တိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး ဒါယကာ၊ ဒါယိကာမများဘက်မှလည်း ပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဟူသော ဥပမာကဲ့သို့ ဆရာဒကာ လက်တွဲညီညာစွာ ဆောင်ရွက်ပါက မြတ်စွာဘုရားရှင် သာသနာတော်မြတ်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့မှ သာမက ကမ္ဘာတစ်လွှားသို့ပင် ထွန်းကာပြန့်ပွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း လျှောက်ထားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များအတွက် ကုသိုလ်ဒါနမျိုးစေ့ချ၍ ဗုဒ္ဓပူဇာမင်္ဂလာကို ဆည်းပူးဆောင်ရွက်နိုင်ကြစေရန် ယခုကဲ့သို့ ထိုင်းနိုင်ငံ ဓမ္မကာယအလှူရှင်များနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တကွ မြန်မာနိုင်ငံအတွင်းရှိ အလှူရှင်များ အားလုံးတို့က ကုသိုလ်တရားများကို အစဉ်ထာဝရတိုးပွားအောင် ဆောင်ရွက်ကြရန် အခွင့်အခါ ကောင်းကြီးကို ရရှိခဲ့ကြသည့်အတွက်နှစ်နိုင်ငံ ပြည်သူများကိုယ်စား ၀မ်းမြောက် ၀မ်းသာဖြစ်ရပါကြောင်း လျှောက်ထားသည်။
ထို့နောက် ထိုင်းနိုင်ငံအလှူရှင်များက ၀မ်းမြောက်စကား လျှောက်ထားပြီး သံဃာတော်အပါး နှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ကျေးဇူးတင်စကား ပြန်လည် လျှောက်ထားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသ ကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ၀ိစိတ္တာဘိဝံသထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ သံဃာတော်အပါး နှစ်သောင်းတို့အား ဆွမ်းဆန်စိမ်းလောင်းလှူမည့် နေရာသို့ ကြွရောက်ပါရန် ပင့်ဖိတ်ပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး ၀န်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ အလှူရှင်များက သံဃာ တစ်ပါးလျှင် ၀တ္ထုငွေ သုံးသောင်းကျပ်စီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်း ကုသိုလ်ပြုကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသို့ မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများမှ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်များမှ ၀န်ထမ်းများ၊ ယာဉ်လိုင်းများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများက လုပ်အားပေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား စေတနာရှင်အလှူရှင်များမှလည်း အာဟာရမုန့်များ၊ နှမ်းမနဲများ၊ အားဖြည့် အချိုရည်များနှင့် သောက်ရေသန့်များကိုလည်း ဒါနပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment