Sunday, January 21, 2018

ဝါယာ-သာစည် လျှပ်စစ်မြစ်ရေတင် စီမံကိန်း ထပ်ဆင့်ရေတင်စီမံကိန်းမှ ဧက (၁၀၀၀) သို့ စိုက်ပျိုးရေတိုးချဲ့ဖြန့်ဝေရန်ဆောင်ရွက်






နေပြည်တော်၊ ဇန်န၀ါရီ ၂၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီ အချိန်က ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဝါယာကျေးရွာအနီးရှိ ဝါယာ-သာစည်လျှပ်စစ် မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် စီမံကိန်း တာဝန်ခံတို့က ထပ်ဆင့်ရေတင်စီမံကိန်းမှ စိုက်ပျိုးမြေဧက ၁၀၀၀ သို့ စိုက်ပျိုးရေ တိုးချဲ့ဖြန့်ဝေ ပေးနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသအကျိုးပြုစီမံကိန်းဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် စံချိန်စံညွှန်းပြည့်မီစွာ အကောင်အထည်ဖော် တည်ဆောက် ရန်နှင့် သတ်မှတ်စိုက်ဧကပြည့်ဝစွာ စိုက်ပျိုးရေ အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေစကြိုမြို့နယ် ရွှေကျောင်းမြစ်ရေတင် ရေသောက် တောင်သူများအား တွေ့ဆုံပြီး ကိုယ်တိုင်လက်တွေ့ စိုက်ပျိုးအောင်မြင်ခဲ့သော SRI စိုက်ပျိုးနည်းစနစ် ဆိုင်ရာ သိမှတ်ဖွယ်ရာ များ နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်အသေးစိတ် တစ်ချက်ချင်းအား ဗီဒီယို ပြကွက်များဖြင့် ပြသရှင်းလင်းဟောပြောပြီး သဘာဝမြေသြဇာ၊ သဘာဝပိုးသတ်ဆေးများကို တောင်သူ များလက်လှမ်းတမီ ပစ္စည်းများဖြင့် လုပ်ကိုင်ဖော်စပ်အသုံးပြုနည်းများ၊ မျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့များ စုပေါင်းဖွဲ့စည်းဆောင်ရွက်ကြခြင်းဖြင့် ဒေသအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေသနေတောင်သူများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးကြပြီး လိုအပ်ချက်များရှိပါက ဝန်ကြီးဌာနရှိ ဦးစီးဌာနရုံးများတွင် စုံစမ်း ဆက်သွယ် ဆောင်ရွက်နိုင် ကြပါကြောင်း ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ဒေသနေတောင်သူကြီးများ အရစ်ကျစနစ်ဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ရန် ခင်းကျင်းပြသထားသော ဆိုနာလီကာ၊ ဂွတ်ဘရားသား၊ ရိုးမ၊ ရွှေဘုန်း ကုမ္ပဏီများ၏ လယ်ယာသုံးစက်ကိရိယာများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment