Sunday, January 21, 2018

စေတနာ့ဝန်ထမ်းလူငယ်(စတုတ္ထသုတ်)အဖွဲ့ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့ရှိ ကျေးရွာများသို့ သွားရောက်၍ လူသားချင်းစာနာမှုထောက်ပံ့ပေးရေးလုပ်ငန်းများ ဆောင်ရွက်




မောင်တော ဇန်န၀ါရီ ၂၁
UEHRD ၏လုပ်ငန်းစဉ်များအနက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်းလူငယ် (စတုတ္ထသုတ်) အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မောင်တောမြို့နှင့် ဘူးသီးတောင် မြို့နယ်တို့ရှိ ကျေးရွာများတွင် နေထိုင်သူများနှင့် တွေ့ဆုံကာ လူသားချင်းစာနာမှု ထောက်ပံ့ပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အဖွဲ့သည် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ကြက်သွန်၊ အာလူးနှင့် ၆လမှ ၂နှစ်အတွင်းရှိသည့် နို့တိုက်ကလေးငယ်များအတွက် နို့မှုန့် အာဟာရ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ထိုအဖွဲ့တွင်ပါဝင်သည့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဦးသန်းကျော်ဌေးက ပြောကြားသည်။
“နောက်ရက်တွေမှာလည်း ထောက်ပံ့ဖို့ ကျန်ရှိတဲ့ကျေးရွာတွေရွေးချယ်ပြီးတော့ ကနဦးစာရင်းကောက်ယူပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဇန်န၀ါရီ ၃၀ ရက်အထိ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ UEHRD လုပ်ငန်းစဉ်ကို အောင်မြင်အောင် လုပ်ဆောင် သွားမှာပါဟု ၄င်းကပြောသည်။
ယင်းအဖွဲ့သည် အဖွဲ့၂ဖွဲ့ခွဲ၍ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များရှိ ကျေးရွာများတွင် ထောက်ပံ့မှု များ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီး လုပ်ငန်းစဉ်တွေဖွဲ့စည်းပြီး မောင်တောနဲ့ဘူးသီးတောင် မြို့နယ်အတွင်း ထောက်ပံ့မှု မရရှိသေးတဲ့ကျေးရွာတွေမှာ ထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက် သွားမှာပါ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုဖြင့် တစ်နိုင်ငံလုံးရှိ စေတနာရှင်လူငယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ UEHRD ရည်ရွယ် ချက်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါဟု ဦးသန်းကျော်ဌေး ကပြောသည်။
စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် အတွင်း ရှိ ကျေးရွာများတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာ ၅ရက်မှ စတင်၍ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် တို့ဖြင့်  လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အထောက်အပံ့များ ပေးအပ်လျက်ရှိရာ ယနေ့အထိ ကျေးရွာပေါင်း ၈၄ရွာ အိမ်ထောင်စု ၆၄၂၂စု လူဦးရေ ၃၅၄၀၈ ဦးတို့အတွက် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းလူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ရည်ရွယ်ချက်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်မှုရှိရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် အားထည့်ဆောင်ရွက်ရန်နှင့် ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် ဆိုသည့် ရည် ရွယ်ချက်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment