နေပြည်တော်
ဇန်န၀ါရီ ၁၆
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ
ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန် ပေးအပ်ခြင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်
ဦးအောင်လှထွန်းအား ခန့်အပ် တာဝန်ပေးခြင်းတို့နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ထို့နောက် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့်
ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်တာဝန် ပေးအပ်ရန်
လွှတ်တော်သို့ တင်ပြလာခြင်း အပေါ် ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက
အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ယင်းနောက် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့်
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ငွေကျပ်
၂၂၇၂၀ ဒသမ ၅၅၀ သန်း ခွဲဝေသုံးစွဲ ခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး တို့က ရှင်းလင်း တင်ပြကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်မျိုး က ၀န်ကြီးဌာန အနေဖြင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများနှင့်
မီးရထားလမ်း တာဘောင်များ ရေကျော် ပျက်စီးမှုများ အတွက် တာဘောင် မြှင့်တင်ခြင်း လုပ်ငန်းများကို
မဖြစ်မနေ ဆောင်ရွက်နိုင်ရန် ငွေကျပ်သန်း ၈၄၀၁ ဒသမ ၈၆၉ သန်း ခွင့်ပြု ရရှိခဲ့ပါကြောင်း၊
အဆိုပါ ခွင့်ပြုငွေဖြင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ၁၂ ခုအတွက် ငွေကျပ်သန်း ၈၂၂၄
ဒသမ ၁၄၀ သန်း၊ မီးရထားလမ်း တာဘောင်များ ရေကျော်ပျက်စီးမှု ၂ နေရာအား တာဘောင် ပြန်လည်
မြှင့်တင်ခြင်း အတွက် ငွေကျပ်သန်း ၁၇၇ ဒသမ ၇၂၉ သန်း တို့ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။
အဆိုပါ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ
ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ်နှင့် လယ်ယာမြေများ၊ သာသနိက အဆောက်အဦများ၊
စာသင်ကျောင်းများ၊ ဆေးပေးခန်းနှင့် လူနေအိမ်များ၊ သမိုင်းဝင် စေတီပုထိုးများ ရေတိုက်စား
ကမ်းပြို ဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည့် အပြင် မီးရထားရေကျော် ရေလွှမ်းနေမှုများအား
မဖြစ်မနေ ပြုပြင် ဆောင်ရွက်ခြင်းဖြင့် အများပြည်သူ သွားလာရေး လုံခြုံ ဘေးကင်းကာ အဆင်ပြေ
ချောမွေ့စွာ သွားလာ နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
အဆိုပါ ၂၀၁၇ ခုနှစ်
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေ မှ ငွေကျပ် ၂၂၇၂၀ ဒသမ
၅၅၀ သန်း ခွဲဝေသုံးစွဲခြင်းကို လွှတ်တော်က အတည်ပြု ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက
ကြေညာသည်။
ထို့နောက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ
၆ လ အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းပါ စီမံကိန်းလုပ်ငန်းများ နှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏
ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၊
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသား
လွှတ်တော်ရုံး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊
သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊
ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး
ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊
ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တို့မှ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဒုတိယ၀န်ကြီးများက လွှတ်တော်သို့ ရှင်းလင်း တင်ပြကြသည်။
နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနတို့ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ မူဝါဒများမှာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေး ရှေးရှုပြီး
နိုင်ငံတော်အကျိုးစီးပွား ဖြစ်ထွန်းစေရေး အတွက် ဒေသတွင်းနှင့် အခြားနိုင်ငံများ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င်
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်
ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေး၊ နယ်နိမိတ် သတ်မှတ်ခြင်းများ ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်
ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံလျက် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိရောက်စွာ အထောက် အကူပြုနိုင်ရန်
သံတမန် နည်းလမ်းဖြင့် ညှိနှိုင်း ဆောင်ရွက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို
ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကို စနစ်တကျ အကျိုးရှိစွာ ခြိုးခြံချွေတာ
သုံးစွဲရေးတို့ ဖြစ်ပါကြောင်း။
နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အဓိကရငွေမှာ ဆောင်ရွက်ပေးမှု
အတွက် ရရှိသည့် ရငွေသာ ဖြစ်ပြီး သာမန်ရငွေသာ ဖြစ်ပါကြောင်း၊ သာမန်ရငွေ နှင့်စပ်လျဉ်းပြီး
ပစ္စည်းဟောင်း ရောင်းချရ ငွေ၊ တင်ဒါပုံစံ ရောင်းချရငွေ၊ ဘဏ်တိုးနှင့် နှစ်လွန်ရငွေ စသည်ဖြင့်
ကျပ်သန်းပေါင်း ၈၉၃ ဒသမ ၅၀၀ သန်း လျာထားပါကြောင်း။
သုံးငွေအပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး ၀န်ကြီးဌာန၏ အသုံးစရိတ် အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးဌာန သာမန် အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၃၄၇၈၅ ဒသမ ၀၀၀ သန်းအား အဆိုပြု လျာထားခဲ့ပြီး ဘဏ္ဍာငွေ စိစစ်
ပူးပေါင်းအဖွဲ့များမှ အဆင့်ဆင့် စိစစ်ပြီး ငွေကျပ်သန်းပေါင်း ၃၄၇၅၈ ဒသမ ၉၁၄ သန်းအား
ခွင့်ပြုပေးခဲ့ကာ ယခု ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း။
သာမန် အသုံးစရိတ်တွင် ယခု ၆ လပတ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ်
လက်ခံကျင်းပရန် လျာထားသည့် အစည်းအဝေးများ အသုံးစရိတ်တို့ ပါဝင်ပါကြောင်း၊ ၎င်းတို့မှာ
စတုတ္ထအကြိမ်မြောက် အရှေ့ - အနောက် စီးပွားရေးစင်္ကြ
ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ဆဋ္ဌမ အကြိမ်မြောက်
မြန်မာ - တရုတ် ယူနန်ဖိုရမ်၊ (၁၆)ကြိမ်မြောက် မြန်မာ - ထိုင်း နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု
အစည်းအဝေးတို့ ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံမှ ဖိတ်ကြားချက်အရ ဘင်းမ်စတက်
အတွင်းရေးမှူးချုပ်ရုံးတွင် အသစ် တာဝန် ထမ်းဆောင်မည့်
အတွင်းရေးမှူးချုပ်အား ဂုဏ်ပြုခရီးစဉ်နှင့် နှစ်(၂၀)ပြည့် ဘင်မ်းစတက် နေ့ အထိမ်းအမှတ်
အဖြစ် ရန်ကုန်မြို့တွင် ဘင်းမ်စတက် စကားဝိုင်း ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ရန်ရှိပါကြောင်း။
ထို့အတူ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ်သန်းပေါင်း
၁၂၇၈၇ ဒသမ ၈၃၈ သန်းအား အဆိုပြုလျာထားခဲ့ပြီး
ကော်မတီ ၃ ရပ်ဖြစ်သည့် (စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့်
စက်ပစ္စည်း ကြီးကြပ်ရေး ကော်မတီ) တို့မှ အဆင့်ဆင့် စိစစ်ပြီး သည့် ငွေကျပ်သန်းပေါင်း
၁၁၉၄၅ ဒသမ ၃၁၉ သန်းအား ခွင့်ပြုပေးခဲ့ပြီး
ယခုအချိန်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း။
ဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ်တွင် နိုင်ငံခြားရေး
ဝန်ကြီးဌာန ရန်ကုန်ရုံးရှိ မဟောသဓါခန်းမအား (အလျား ပေ ၂၀၀ နှင့် အနံ ပေ ၇၀ ရှိ ၅ ထပ်
တိုက် သံတမန် ကျောင်း(Diplomatic Academy) ဆောက်လုပ်ရန် လျာထားပါကြောင်း။
သံတမန်ကောင်စစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင်
မြန်မာသံရုံး ပရီတိုးရီးယားမြို့ရှိ နိုင်ငံတော်ပိုင် သံရုံးအကြီးအကဲနေအိမ် ဆောက်လုပ်ခြင်း
အတွက် ပထမအရစ်၊ ဒုတိယအရစ်နှင့် တတိယအရစ် ပေးချေခြင်း၊ မြန်မာသံရုံး ကင်ဘာရာမြို့တွင်
ဝန်ထမ်းအိမ်ရာ အသစ် ဆောက်လုပ်ခြင်းနှင့် အခြား ပြည်ပနိုင်ငံများရှိ သံရုံး ၁၂ ရုံး၏
နိုင်ငံတော်ပိုင် အဆောက်အဦများ အကြီးစား မွမ်းမံပြင်ဆင်ခြင်းတို့ ပါဝင်ပါကြောင်း။
၂၀၁၈ ခုနှစ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ရည်မှန်းချက်များ
အကောင်အထည်ဖော် ဆောင် ရွက်ရန် ဖြစ်သည့်အတွက် ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့်
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန
အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက် သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်
ငွေကျပ် သန်းပေါင်း ၄၆၇၀၄ ဒသမ ၂၃၃ နှင့် ပတ်သက်၍ အသုံးစရိတ်များမှာ ယခု (၆)လအတွင်း
အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အတွက် လျာထားသည့် မဖြစ်မနေ သုံးစွဲရမည့်
အသုံးစရိတ်များသာ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ကျော်ဆွေက ဝန်ကြီးဌာနသည် “အုပ်ချုပ်ရေး အာဏာ သက်ရောက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုကို
ရရှိကာ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးမှုတို့ကို ဖြစ်ထွန်းရေး” ဆိုသည့် အမျိုးသား လုံခြုံရေး
မူဝါဒကို ချမှတ်ပြီး နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း
သာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသော ရည်မှန်းချက် (၄)ရပ် ချမှတ် အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရည်မှန်းချက်များကို အကောင် အထည်ဖော်ရန် လုံခြုံရေးကိစ္စများ
တိုးတက် ကောင်းမွန်ရေး၊ အုပ်ချုပ်မှုစနစ် မှန်ကန်ရေး၊ လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားရေး၊
လေ့ကျင့်မှုမပျက် ဆောင်ရွက်ရေး၊ စိတ်ဓါတ် ကောင်းမွန် တိုးတက် မြင့်မားရေး၊ ပြည်သူ့အကျိုးပြု
ဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ် ၆ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
လုပ်ငန်းစဉ် ၆ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန်
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၄၆၈၆၂
ဒသမ ၀၆၈ သန်းကို လျာထား တင်ပြထားပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် အဓိကလုပ်ငန်းများမှာ
ဆောက်လုပ်ရေး အသုံးစရိတ် ငွေကျပ် ၄၄၃၀၄ ဒသမ ၆၃၉ သန်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/
ဦးစီးဌာနများမှ အဆောက်အဦများ ပြုပြင်ခြင်း
လုပ်ငန်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး
ကာရံခြင်းနှင့် ဆက်စပ် လုပ်ငန်းများ၊ အကြီးအကဲများ၏ ခရီးစဉ် ညွှန်ကြားချက်များ၊ လွှတ်တော်
ကတိကဝတ်များ၊ အသစ်ဖွင့်လှစ်မည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ၄ ခုအတွက် လိုအပ်သော အဆောက်အဦများ
ဆောက်လုပ်ခြင်း၊ အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်များနှင့် ထီးခမ်းစခန်း တို့တွင် တိုးချဲ့
တည်ဆောက်ရေး လုပ်ငန်းများ၊ အကျဉ်းသား အိပ်ဆောင် ဆောက်လုပ်ခြင်း၊ မီးသတ်ဦးစီးဌာနမှ လက်နက်ငယ်
လေ့ကျင့်ဆောင်၊ ကင်းသားများ နားနေဆောင် ခြံစည်းရိုး ကာရံခြင်းများ အတွက် တောင်းခံထားခြင်း
ဖြစ်ပါကြောင်း။
စက်နှင့် စက်ပစ္စည်း အသုံးစရိတ်အတွက် ငွေကျပ်
၁၀၀၀၆၀ ဒသမ ၄၇၁ သန်းတွင် ဝန်ကြီးရုံး အပါအဝင် တပ်ဖွဲ့/ ဦးစီးဌာနများအတွက် မဖြစ်မနေ
ဖြည့်တင်းရန် လိုအပ်သော ရုံးသုံး စက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ မီးသတ် ရေသယ်ယာဉ်များ၊
မီးသတ်ဆေးဘူး အားဖြည့် တင်းစက်များ ဝယ်ယူရန် တောင်းခံထားခြင်း ဖြစ်ပြီး ပိုလန်နိုင်ငံမှ
ODA ချေးငွေဖြင့် မီးသတ်ယာဉ် နှင့် အပိုပစ္စည်းများ ဝယ်ယူနိုင်ရေး ယူရိုငွေ ၄၉ ဒသမ ၄၅၆
သန်းနှင့် ညီမျှသော ငွေကျပ် ၇၉၃၂၇ ဒသမ ၈၂၅ သန်းအား အရအပေး ထည့်သွင်း လျာထားပါကြောင်း။
အခြားအသုံးစရိတ် ကျပ် ၂၄၉၆ ဒသမ ၉၅၈ သန်းကို
ဝန်ကြီးရုံး အပါအဝင် တပ်ဖွဲ့/ဦးစီး ဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ် လုပ်ငန်းများအတွက်
ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးချေခြင်း၊ မြေငှားစာချုပ်တန်ဖိုး ကျသင့်ငွေများ
ပေးချေခြင်းနှင့် သိမ်းဆည်းမြေများ အတွက် မြေလျော်ကြေး ပေးချေခြင်း တို့အတွက် တောင်းခံထားခြင်းဖြစ်ပါကြောင်း။
ဆက်လက်၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ
၆ လအတွက် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသော ပြည်ထဲရေး ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ
အရအသုံး စာရင်းများနှင့် ပတ်သက်၍ သာမန်ရငွေ၌ အခွန် ၄ မျိုး ကောက်ခံရရှိမှုမှ ရငွေကျပ်
၆၆၄ ဒသမ ၀၈၂သန်းနှင့် သာမန် ရငွေကျပ် ၁၇၆၈၇ ဒသမ ၉၇၈ သန်း၊ ကြွေးမြီရငွေကျပ် ၇၉၃၂၇ ဒသမ
၈၂၅ သန်း စုစုပေါင်းရငွေ လျာထားချက်မှာ ငွေကျပ် ၉၇၆၇၉ ဒသမ ၈၈၅ သန်းနှင့် သာမန် အသုံးစရိတ်
ငွေကျပ် ၁၇၆၁၁၃ ဒသမ ၀၃၁ သန်းအား တင်ပြ တောင်းခံ ထားပါကြောင်း။
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ (၆)လအတွက်
ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် ၁၄၆၈၆၂ ဒသမ ၀၆၈ သန်းနှင့် သာမန် အသုံးစရိတ် ကျပ် ၁၇၆,၁၁၃
ဒသမ ၀၃၁ သန်း၊ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၃၂၂၉၇၅ ဒသမ ၀၉၉ သန်းအား ခွင့်ပြုနိုင်ပါရန်
တင်ပြအပ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်က ပြန်ကြားရေး ၀န်ကြီးဌာန၏ လုပ်ငန်း တာဝန်မှာ ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့်
ဖျော်ဖြေပေးရန် ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ပုံနှိပ်မီဒီယာ၊
ရုပ်မြင်သံကြားနှင့် အသံလွှင့် မီဒီယာများ အပြင် အင်တာနက် ကဲ့သို့သော မီဒီယာ ပုံစံအသစ်
(New Media)နှင့် ပြည်သူ့ ဆက်ဆံရေး နည်းလမ်းများဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်ရန် မူဝါဒ ၅ ချက် ချမှတ်
ထားပါကြောင်း၊ ၎င်းတို့မှာ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး
မဏ္ဍိုင်တို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဆီလျော် ညီညွတ်စွာ ပြန်ကြားပေးရန်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် အသီးသီး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အကြောင်း အရာများနှင့် အရေးကြီးသည့်
အသိပေး ကြေညာချက်များကို ပြန်ကြားပေးရန်နှင့် အသိပညာပေးရန်၊ အများပြည်သူအား ၀န်ဆောင်မှု၊
ဖျော်ဖြေမှု၊ အသိဉာဏ် ပညာနှင့် သတင်း အချက်အလက် ပေးမည့် အစီအစဉ်များကို ပြည့်စုံစွာ
ဖော်ပြရန်၊ ပုဂ္ဂလိက မီဒီယာများမှ အများပြည်သူ အကျိုးငှာ ဖော်ပြနိုင်ခြင်း မရှိသည့်
အစီအစဉ်များကို ဖြည့်စွက်ပေးရန်၊ ပြည်သူလူထု၏ လိုအပ်ချက်နှင့် အကျိုးစီးပွားများအား
ဖြည့်ဆည်းပေးရန်၊ လူတစ်ဦးချင်း အတွက် လည်းကောင်း၊ အစုအဖွဲ့များအတွက် လည်းကောင်း အပါအ၀င်
ပုဂ္ဂိုလ်ရေးဆိုင်ရာ ရပ်ရွာဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ အတွက် ပညာရေးနှင့် သတင်း
အချက်အလက်ဆိုင်ရာ လိုအပ်ချက်များကို လူထုအခြေပြုဌာန (Community Centre) များနှင့် လူထုအခြေပြု
စာကြည့်တိုက် (Community Library) များ ထူထောင်၍ ဖြည့်ဆည်းပေးရန်၊ စာကြည့်တိုက် ၀န်ဆောင်မှု
လုပ်ငန်းများကို ကျေးလက်နှင့် မြို့ပြဒေသများရှိ လူထု၏ လိုအပ်ချက်များနှင့် လိုက်လျော
ညီထွေ ဆောင်ရွက်ပေးရန် တို့ ဖြစ်ပါကြောင်း။
ဘဏ္ဍာရေး ကော်မရှင်က ပြန်ကြားရေး ၀န်ကြီးဌာန၏
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ စုစုပေါင်း
ရငွေကျပ် ၁၇၅၀၅ သန်း အတည်ပြုပေးခဲ့ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သာမန်
အသုံးစရိတ်ငွေကျပ် ၂၅၅၉၃ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၆၃၁ သန်း စုစုပေါင်း
ငွေကျပ် ၂၇၂၂၄ သန်း အဆိုပြုခဲ့ ပါကြောင်း၊ အဆိုပြုမှုအပေါ် ဘဏ္ဍာရေး ကော်မရှင်၏ စိစစ်ချက်များ
အရ ငွေကျပ်သန်းပေါင်း ၂၄၃၈ ဒသမ ၉၀၀ သန်း လျှော့ချခဲ့ပြီး သာမန် အသုံးစရိတ် ငွေကျပ်
၂၃၄၉၃ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၂၉၁ သန်း စုစုပေါင်း ငွေကျပ် ၂၄၇၈၅
သန်း သတ်မှတ်ပေးခဲ့ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်
ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဆင့်ဆင့်
စိစစ်ထားပြီး ဖြစ်ပါသဖြင့် အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည်
နိုင်ငံတော်၏ စီးပွားရေး မူဝါဒ ၁၂ ရပ် နှင့်အညီ ဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision)၊
လုပ်ငန်းတာဝန် (Mission)၊ ရည်မှန်း ချက် ၁၁ ရပ်၊ မူဝါဒအပိုင်း ၁၀ ပိုင်းနှင့် အချက်
၅၀ ၊ ရှေ့လုပ်ငန်းစဉ်အပိုင်း ၁၀ ပိုင်းနှင့် အချက် ၈၁ ချက် တို့ကို ရေးဆွဲတင်ပြ ဆောင်ရွက်ခဲ့ပြီး
ဖြစ်ပါကြောင်း။
အဆိုပါ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်
အညီ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ ၆ လအတွက် စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးကို
ပုံမှန် ဈေးနှုန်းအရ လယ်ယာကဏ္ဍ အနေဖြင့် ငွေကျပ် ၂၉၄၂ ဒသမ ၀၇၂ ဘီလီယံ ရည်မှန်းထားရှိပြီး
၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်နှင့် သားငါးကဏ္ဍ အနေဖြင့် ငွေကျပ် ၂၄၁၇ ဒသမ ၄၆၂ ဘီလီယံ
ရည်မှန်းထား ရှိပြီး ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းချက် ထားရှိပြီး အကောင်
အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထိုသို့ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးရုံး၊
ဦးစီးဌာန၊ တက္ကသိုလ်တို့ တွင် စီမံကိန်း ၃၂ ခုနှင့် လုပ်ငန်း ၂၉၅ ခုတို့ကို ဆောင်ရွက်ရန်
လျာထားပြီး ငွေကျပ်သန်း ၁၄၉၈၈၈ ဒသမ ၁၀၇ တောင်းခံခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်းကော်မရှင်နှင့် ဘဏ္ဍာရေး ကော်မရှင်တို့က စိစစ်ခွင့်ပြုခဲ့ပါကြောင်း။
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ သာမန် အသုံးစရိတ်
ငွေကျပ် ၁၈၄၆၅၇ ဒသမ ၆၅၆ သန်းတွင် နိုင်ငံတော်မှ တောင်းခံသည့် ငွေကျပ် ၁၄၉၃၄၅ ဒသမ ၁၈၄
သန်းနှင့် ပြည်ပ အကူအညီရငွေ ငွေကျပ် ၃၅၃၁၂ ဒသမ ၄၇၂ သန်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်
ဧပြီ လမှ စက်တင်ဘာလ အထိ ငွေလုံးငွေရင်း အသုံးစရိတ် (ပြည်ပအကူအညီ၊ ပြည်ပချေးငွေ အပါအဝင်)
ငွေကျပ် ၁၄၉၈၈၈ ဒသမ ၁၀၇ သန်းဖြစ်ပြီး ဆောက်လုပ်ရေး အသုံးစရိတ် ငွေကျပ် ၈၉၂၈၆ ဒသမ ၃၄၅
သန်း၊ စက်ပစ္စည်း အသုံးစရိတ် အနေဖြင့် ငွေကျပ်
၉၅၅၅ ဒသမ ၄၆၇ သန်း၊ အခြား အသုံးစရိတ် အနေဖြင့် ငွေကျပ် ၅၁၀၄၆ ဒသမ ၂၉၅ သန်း ဖြစ်ပါကြောင်း။
ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၄၉၈၈၈ ဒသမ ၁၀၇ သန်းတွင် နိုင်ငံတော်မှ တောင်းခံသည့်
ငွေကျပ် ၆၁၁၀၃ ဒသမ ၀၉၂ သန်း ပြည်ပ အကူအညီရငွေ ငွေကျပ် ၂၉၄၅ ဒသမ ၃၉၅ သန်း၊ ပြည်ပချေးငွေ
ငွေကျပ် ၈၅၈၃၉ ဒသမ ၆၂၀ သန်း ဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများနှင့် အညီ လယ်ယာကဏ္ဍာနှင့်
ကျေးလက်နေ ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သည့် စီမံကိန်းများ၊
လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခွဲဝေရရှိသည့် ဘဏ္ဍာ ငွေကြေးများကို အကျိုးရှိ ထိရောက်စွာ
သုံးစွဲသွား ရေး စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်
အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီလ ၁၇ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မျိုးသူဟိန်း၊
မီမီဖြိုး

No comments:
Post a Comment