Tuesday, January 16, 2018

တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာ ရှိပြီး ပြည်ထောင်စု တိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက် ကြရမည်ဖြစ်



နေပြည်တော်၊ ဇန်န၀ါရီ - ၁၆
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စု တိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့ အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကက်သလစ် ဆရာတော်များနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်နှင့်အတူ လားရှိုးမြို့ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် ဖီးလစ်ဇဟောင်း၊ မြစ်ကြီးနားမြို့ ကက်သလစ် သာသနာပိုင် ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဗန်းမော်မြို့ ကက်သလစ်သာသနာပိုင် ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ်တို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဆရာတော်ဖရန်စစ်ဒေါ့တန်က ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများနှင့် ပံ့ပိုးကူညီမှုများ အတွက် လွန်စွာ ၀မ်းမြောက်ပါကြောင်း၊ မိမိတို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကက်သလစ် ဆရာတော်များ ဖြစ်ကြပါကြောင်း ၊ သက်ဆိုင်ရာ ဒေသများရှိ ကက်သလစ် ဘာသာဝင်များ၏ ဘာသာရေးကဏ္ဍကို ဦးဆောင် ဦးရွက်ပြုနေသူများ ဖြစ်ပြီး တာဝန်ယူမှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေး အစဉ်တစိုက် သွန်သင် လမ်းပြလျက် ရှိကြောင်း၊ နိုင်ငံတော် အစိုးရ၏ မူဝါဒများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး၊ ပြည်သူများ၏လူမှုစီးပွားဘ၀များ မြင့်မား တိုးတက်ရေး အတွက် အလေးထား ကြိုးပမ်းအားထုတ်လျက် ရှိရာတွင် တပ်မတော် အနေဖြင့် အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် လွန်စွာ အားရမိပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၁၁ ခုနှစ်မှ စတင်၍ ယခုအချိန်ထိ တိုက်ပွဲရှောင်ပြည်သူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ၎င်းတို့၏နေအိမ်၊ ကျေးရွာများကို စွန့်ခွာ၍ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည်မှာ ၇ နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်ပါကြောင်း၊ အဆိုပါ တိုက်ပွဲရှောင် ပြည်သူများသည် ကျဉ်းကြပ်စွာ နေထိုင်ရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် မျှော်လင့်ချက် ကင်းမဲ့ပြီးဘ၀များ ဖရိုဖရဲဖြစ်ခြင်းများကို ခံစားနေရကြောင်း၊ ယနေ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေး အရ တိမ်းရှောင် နေသူများအား ကက်သလစ် အသင်းတော်က လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီလျက် ရှိကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ပေးခြင်းနှင့် ၎င်းတို့၏ နေရပ်ဒေသသို့ ပြန်နိုင်ရေး အတွက် မိမိတို့သည် နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် တတ်အားသမျှ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီမှုများပိုမို ဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးကင်း လုံခြုံစွာဖြင့် ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် တပ်မတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကက်သလစ် အသင်းတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုအတွက် ဆုတောင်း ပေးခြင်းသာမက လိုအပ်သော နေရာများတွင်လည်း လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း သည်သာလျှင် အကောင်းဆုံးအဖြေ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ခြင်း လုပ်ငန်းများတွင် မိမိတို့ ကက်သလစ် ဆရာတော်များအနေဖြင့် ဆက်လက်၍ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ရှင်းလင်း ဆွေးနွေး ပြောကြားရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးရရှိရန် အလိုချင်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက် ရှိကြောင်း၊ ထိုသို့ လျှောက်လှမ်းရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးသည် မဖြစ်မနေ လိုအပ်ကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်သူများကို ကာကွယ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဆန္ဒအတိုင်း ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်ဆောင်ရွက် ခဲ့ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ ဖြေရှင်းရန် အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်လျက်ရှိပြီး လက်နက်ကိုင် ပြဿနာများ ဖြစ်ပွားရခြင်းမှာ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှု၊ ဘာသာရေးနှင့် တိုင်းရင်းသားရေးများအပေါ်တွင် အခြေခံ၍ ဖြစ်ပွားကြသည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင်စွဲ ဖြေရှင်းခြင်းထက် ငြိမ်းချမ်းရေး နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံရေး ပါတီများစွာရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဆောင်ရွက်နေကြကြောင်း၊ ပါတီမျိုးစုံရှိ၍ ၀ါဒရေးအရ သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ငြိမ်းချမ်းသော နည်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသဖြင့် ဘာသာရေးအရ ကွဲလွဲမှုများ ဖြစ်ပေါ်ရန် အကြောင်း မတွေ့ရကြောင်း၊ တိုင်းရင်းသား အရေးတွင်လည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးကျော် ရှိကြောင်း၊ ဥပဒေအရ တိုင်းရင်းသား အားလုံး၊ ကျား၊ မ မရွေးတူညီသည့် အခွင့်အရေး ပေးထားပြီးဖြစ်၍ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ပါကလည်း ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့အပြင် မိမိတို့ ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်စဉ် ခိုင်မာစေရန် အတွက် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်လိုအပ်ပြီး တပ်မတော်မှ ပြင်းပြသည့်ဆန္ဒဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေကြောင်း၊ တပ်မတော်သည် တိုင်းရင်းသားများနှင့် မည်သည့် ပြဿနာမှမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးနေခြင်းဖြစ်ပြီး ၎င်းတို့ မကျေလည်မှုများကိုလည်း လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ် ရယူလိုစိတ်ရှိရန်လိုပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ကတိက၀တ်များကို မချိုးဖောက်ရန် လိုကြောင်း၊ မိမိအနေဖြင့် IDP Camp များ မရှိစေလိုကြောင်း၊ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များက IDP Camp များကို အကာအကွယ်မယူရန် အရေးကြီးပါကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများ ၎င်းတို့နေရပ်များတွင် ပြန်လည် အခြေချ နေထိုင်စေလိုပြီး မိမိတို့ တပ်မတော်မှ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် နေကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး မိမိတို့ တိုင်းရင်းသားများ အနေဖြင့် မြန်မာစိတ်မွေးပြီး အားလုံးညီညွတ် မျှတကြရန် လိုကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့် နေရာများတွင် ဒေသခံပြည်သူများ အနေဖြင့် ပညာသင်ကြားမှုများ ဆုံးရှုံးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ ဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးပြီး အဆိုပါအချက်အား တိုင်းရင်းသား အားလုံး နားလည်သိရှိရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ မိမိနေရာ ဒေသတစ်ခုတည်းကိုသာ မကြည့်ဘဲ ဘက်စုံအမြင်ကျယ်ရန်၊ တစ်နိုင်ငံလုံးနှင့်ခြုံ၍၊ ကမ္ဘာနှင့်ချီ၍ ကြည့်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်ရန်အတွက် ရှေ့သို့ အနှောင့်အယှက် အဟန့်အတားမရှိ ခိုင်မာသည့် ခြေလှမ်းများဖြင့် သတ္တိရှိရှိ လျှောက်လှမ်းနိုင်ရန် အရေးကြီးကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်ကလည်း ငြိမ်းချမ်းရေး ဆောင်ရွက်ရန် အရေးကြီးကြောင်းကို ယခု ဆရာတော်တို့၏ သဘောထားနှင့် ထပ်တူပင် ပြောကြားခဲ့ကြောင်း၊ မိမိကလည်း တပ်မတော်၏ ထာဝရ ငြိမ်းချမ်းရေး ရယူလိုသော သဘောထား ဆန္ဒအမှန်ကို ရှင်းလင်းပြောကြားခဲ့ရာ ပုပ်ရဟန်းမင်းကြီးကလည်း လက်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်များနှင့် မူးယစ်ဆေးဝါး ပြဿနာသည် အဓိကစိန်ခေါ်မှုကြီးတစ်ခု ဖြစ်၍ အားလုံး ၀ိုင်းဝန်း တားဆီးကာကွယ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားစေလိုကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေး နယ်မြေများ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို သစ္စာရှိစွာ ကာကွယ် ပေးလျက် ရှိကြောင်း၊ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မတူညီသော အယူအဆ သဘောထားများ ကွဲပြားနေကြခြင်း အပေါ် စိတ်ရှည်စွာဖြင့် အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ယင်းနောက် အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအပေါ် စိတ်သဘောထား၊ ခံယူချက်၊ အတွေးအမြင်များကို ကိုယ်တိုင် အနီးကပ်ကြားသိရသဖြင့် အလွန်ပင် ၀မ်းမြောက် ၀မ်းသာဖြစ်ရပါကြောင်း၊ တပ်မတော်မှ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေမှု အောင်မြင်စေရန်နှင့် ပြည်သူများ အားလုံး အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုရှိပါစေကြောင်း ဆုမွန်ကောင်းတောင်း စကားပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် ပေါလ်ဂရောင်နှင့် အဖွဲ့ဝင်များအား စားသောက် ဖွယ်ရာများ လက်ဆောင် ပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment