ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးထင်ကျော်က ၂၀၁၈ ခုနှစ်၊ နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်
သဝဏ်လွှာ
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နေ့ထူးနေ့မြတ်ဖြစ်သည့်
နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြ သော ပြည်ထောင်စုဖွား
တိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာရွှင်လန်း ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ဗီဇအခြေခံရင့်သန်
မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်းဖြင့်
ရပ်တည် ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ
အားလုံးသည် တိုင်းပြည်နှင့် လူမျိုးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သည့် စိတ်ဓာတ်၊ တိုင်းရင်းသားအချင်းချင်း သွေးစည်း ညီညွတ်သည့်
ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် သူတစ်ပါးကိုလည်း မကျူးကျော်၊ မိမိကိုလည်း ထိပါးမခံသော
မှန်ကန်သည့် ဗီဇအခြေခံ ရင့် သန်သူများ ဖြစ်ကြပါသည်။
လွတ်လပ်ရေးအောင်ပန်းဆွတ်ခူး
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်
နေထိုင်ခဲ့သည့် မြန်မာနိုင်ငံကို နယ်ချဲ့များက ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲသိမ်းပိုက်ခဲ့သည့်အတွက်
ထီးသုဉ်းနန်းသုဉ်းဖြစ်ကာ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရပါသည်။
သူ့ကျွန် ဘ၀က လွတ်မြောက်ရန်အတွက် မြန်မာပြည်တစ်ဝန်း တောင်ပေါ် မြေပြန့်မကျန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက
အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး ကြိုးပမ်းခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်းမှု၏ရလဒ်အဖြစ်
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ် လပ်ရေး အောင်ပန်းကို ရယူဆွတ်ခူးနိုင်ခဲ့ပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးသည်
ယခုဆိုလျှင် နှစ်(၇၀) ပြည့်ပြီ ဖြစ်ပါသည်။
သဘောတူညီချက်ချမှတ်နိုင်ခဲ့
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သော်လည်း
နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့သည့် စနစ်ဆိုးကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားတွင်
စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်ပေါ်ကာ နိုင်ငံဖွံ့ ဖြိုးတိုး တက်မှုကို အဟန့်အတားဖြစ်စေခဲ့သည့်
လက်နက်ကိုင်ပဋိပက္ခများ နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ ရပါသည်။ ယနေ့အချိန် အခါတွင်မူ
ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တိုင်းရင်းသားအားလုံးက နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ၏ ဒုတိယအကြိမ် အစည်းအဝေးကို အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပြီး ဖက်ဒရယ် အခြေခံမူအချို့ကို သဘောတူချမှတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
မျှော်မှန်းချက်ထား
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
အကောင် အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ
အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသည့်
ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်း လာရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိပေသည်။
နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်
နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ဒီမိုကရေစီအခြေခံအုတ်မြစ်များ ပိုမိုခိုင်မာလာစေရန်
ကြိုးပမ်းဆောင်ရွက်မှု များနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ
ပိုမိုမြင့်မားလာစေရေးကိုလည်း ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ရာတွင် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံသာယာဝပြောမှု၊ တိုင်းရင်းသားပြည်သူအပေါင်း
သွေးစည်းညီညွတ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေးဖူလုံမှု၊
ယဉ်ကျေးမှုအမွေအနှစ် အစဉ် အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မှု အစရှိသည်တို့ကို
တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏ စီးပွားရေးအတွက်
များစွာ အရေးပါလှသော အဓိကမောင်းနှင်အား တစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့်
ပြည်သူများ၏ လူမှုစီးပွားဘ၀လည်း တိုးတက် ကောင်းမွန်လာမည် ဖြစ်ပါသည်။
ထာဝရငြိမ်းချမ်းရေး
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံးအချက်သည်
တိုင်းရင်း သားညီအစ်ကိုမောင်နှမ များအားလုံး၏ သွေးစည်းညီညွတ်မှုစွမ်းပကားပင် ဖြစ်ပါသည်။
ရရှိပြီးလွတ်လပ်ရေး အဓွန့်ရှည်တည် တံ့ခိုင်မြဲရေးသည်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး၏
သွေးစည်းညီညွတ်မှုဖြင့်သာ ဆောင်ကြဉ်းနိုင် မည်ဖြစ်ပါသည်။ သို့ဖြစ်သည့်အလျောက် ပြည်ထောင်စုကြီးအတွင်း
ဥမကွဲသိုက်မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်သွားနိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လူ့အခွင့်အရေးကို
လေးစားလိုက်နာပြီး တိုင်းရင်းသား အားလုံးတန်းတူညီမျှ အခွင့်အရေးရရှိရန် တို့ အတွက်
နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် များဖြစ်သည့်-
- ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး
စုစည်းထိန်းသိမ်းကာကွယ်ရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက်
ဒီမိုကရေစီ စံချိနည စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ
တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ရေး၊
- နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် “ထာဝရငြိမ်းချမ်းရေး”
ပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စု တိုင်းရင်းသားအားလုံးမှ နိုင်ငံတော်နှင့်အတူ
ပူးပေါင်းပါဝင်ရေး၊
- စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့်
ပုဂ္ဂလိကကဏ္ဍကို အားပေး မြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်လာ
အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး တို့ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အလေးအနက်ခံယူလျက်
ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ပူးပေါင်းပါဝင် အကောင်အ ထည်ဖော်ဆောင်ရွက်ပေးကြပါရန် ယနေ့
ကျရောက်သည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အခါသမယ တွင် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
။
No comments:
Post a Comment