Thursday, January 25, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၏ နိုင်ငံတော်မှ ၀န်ထမ်းများ ခန့်ထားရန် လျှောက်လွှာခေါ်ယူ ရာတွင် ရှားပါးဒေသများ၌ နေထိုင်သူများအတွက် အသက်လျှော့ ပေါ့ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက နိုင်ငံ့ဝန်ထမ်းများအား ခေါ်ယူခန့်ထားရာတွင် အသက် ကန့်သတ်ချက်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ သတ်မှတ်ပေးခြင်း မဟုတ်ပါကြောင်း။
သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူး နေရာများကို ပြင်ပပုဂ္ဂိုလ်များအား ခန့်အပ်လို၍ သတ်မှတ်ချက်များနှင့်အညီ အဆိုပြုလာ သည့်အပေါ် ကြော်ငြာခေါ်ယူ၍ စစ်ဆေးရွေးချယ်ပေးခြင်းကိုသာ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းလိုအပ်ချက် နှင့် လုပ်ငန်းသဘော သဘာဝများမှာ တူညီမှုမရှိခြင်း၊ စတင်ခန့်ရာထူးအတွက် အသက်ကန့် သတ်မှုကို တစ်ပြေးညီသတ်မှတ်မည်ဆိုပါက မျိုးဆက်သစ် အရာထမ်းငယ်များ မွေးမြူပျိုး ထောင်သည့် စနစ်ကို မဖော်ဆောင်နိုင်သည့် အနေအထားများလည်း ဖြစ်ပေါ်လာနိုင်ခြင်း၊ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သတ်မှတ်ခြင်း ထက် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းအလိုက် လက်ရှိအခြေအနေကို သုံးသပ်၍ သတ်မှတ် ခြင်းသည် အသင့်လျော်ဆုံး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၀န်ထမ်း များခန့်ထားရန် လျှောက်လွှာခေါ်ယူရာတွင် ရှားပါးဒေသများတွင် နေထိုင်သူများအတွက် အသက်လျှော့ပေါ့သတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၏ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှု ကြောင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်နေခြင်းကို လျော့နည်းစေရန် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက ၀န်ကြီးဌာနအနေ ဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဥပဒေပြဋ္ဌာန်းရန် အစီအစဉ် မရှိသေးသော်လည်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင် အရည်အသွေး စံချိန် စံညွှန်းများကို ထုတ်ပြန်ကြေညာခြင်း၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား စောင့်ကြပ်ကြည့်ရှုခြင်း၊ စီမံကိန်းလုပ်ငန်းများအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ အမျိုးသား အဆင့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်များအပေါ် လိုက်နာဆောင်ရွက်မှုကို စိစစ်သုံးသပ်ခြင်း၊ သိပ္ပံနှင့် နည်းပညာ တိုးတက်မှုများနှင့်အညီ လုပ်ငန်းလိုအပ်ချက်အရ ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများကို အချိန်ကာလနှင့် နေရာဒေသအလိုက် အများပြည်သူအကျိုးငှာ ဖြည့်စွက်ပြင်ဆင် သတ်မှတ်ခြင်း စသည့် လုပ်ငန်း များကို ဆောင်ရွက်ပြီး လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့နယ် လယ်ဇင်အုပ်စု ဆားကျင်းအင်း(သို့) ဆင်သောက်ကန်အင်းအား သန့်ရှင်းသော သဘာဝပတ်ဝန်းကျင် ရရှိရန်အတွက် ပြန်လည် ထိန်းသိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မေးခွန်းပါ ဆားကျင်းအင်း(သို့) ဆင်သောက်ကန် အင်းကို သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင် ရရှိရေး နှင့်စပ်လျဉ်းပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆားကျင်းအင်းနှင့် ပတ်သက်ပြီး စီမံခန့်ခွဲသည့် ဌာနတစ်ခုအား သတ်မှတ် တာဝန်ပေးအပ်ခြင်း၊ စက်မှုဇုန်ရှိ စက်ရုံများမှ ထွက်ရှိသော ရေဆိုးများ ဆားကျင်းအင်းထဲသို့ ထပ်မံဝင်ရောက် ခြင်း မရှိအောင်ထိန်းချုပ်ရန်နှင့် စွန့်ပစ်ရေဆိုးများကို သန့်စင်သည့်(Waste Water Treatment) စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ရေဆိုးသန့်စင်ခြင်း လုပ်ငန်းများကို ဈေးနှုန်း သက်သာပြီး ရေရှည် ထိရောက်မှုရှိသည့် နည်းလမ်းများဖြင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အချိန်ကာလတစ်ခု သတ်မှတ်၍ ပြုပြင်စေခြင်းနှင့် လိုက်နာမှုမရှိပါက အရေးယူခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့အတူ နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ မိုးမိတ် မဲဆန္ဒနယ်မှ ဦးတိုးသောင် နှင့် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက ပြန်လည် ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်း ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်သို့တင်သွင်းပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဝင် ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ခရမ်း မဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း တင်သွင်းသည့် နိုင်ငံ့ဝန်ထမ်းများ အတွင်း သတ်မှတ် အရည်အချင်းများ နှင့်ကိုက်ညီပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူများမှ သင့်လျော်သော ၀န်ထမ်းအရေ အတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေ လေ့လာရေး ခရီးများ၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးတင်အောင်၊ ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ ဂွ မဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ကျော်သီဟနှင့် ဗိုလ်မှူးမင်းဇာနည်ထွေး၊ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ မင်းဘူး မဲဆန္ဒနယ်မှ  ဦးဝင်းဝင်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်းနှင့် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင် တို့က ထောက်ခံဆွေးနွေးကြသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေး က လစာငွေ မလုံ လောက်ခြင်း၊ လုပ်ငန်းခွင် အခြေအနေများ ကောင်းမွန်မှုမရှိခြင်းနှင့် ၀န်ထမ်းများ၏ စွမ်းဆောင်ချက်များကို အသိအမှတ်မပြုခြင်း စသည့် အချက်များသည် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ ပေါ်ထွက်ရန်အတွက် အဟန့်အတားများ ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
လက်ရှိအခြေအနေတွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများနှင့် အသုံးအဆောင်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် အခြားပံ့ပိုးမှုများကို တိုးမြှင့် ပေးနိုင်ခြင်း မရှိသေး ပါကြောင်း၊ ထို့ပြင် ဌာနများတွင် ၀န်ထမ်းအင်အား ဖွဲ့စည်းပုံပြည့်မီအောင် ခန့်အပ်ထားနိုင်ခြင်း မရှိသည့်အတွက် အချို့ဝန်ထမ်းများအနေဖြင့် အလုပ်တာဝန်ကို ပိုမိုထမ်း ဆောင်နေကြရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အား ထိရောက်သော ဂုဏ်ပြုချီးမြှင့်မှုများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်မှုနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေမှုများကို ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည် သာမက လာဘ်ပေး လာဘ်ယူမှု၊ အဂတိလိုက်စားမှု အပါအ၀င် မလိုလားအပ်သော ကိစ္စရပ်များ လျော့နည်းပပျောက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူများမှ တန်ဖိုးထား လေးစားသော နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း ထောက်ခံအကြံပြု ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၄၈ တွင်  " ၀န်ထမ်းတစ်ဦး၏ လုပ်ရည်ကိုင်ရည်၊ အရည်အသွေး၊ စွမ်းဆောင်ရည်များသည် လွန်စွာထူးခြား ပြောင်မြောက်သည့် အခြေအနေတွင်ရှိခြင်း၊ အခြားဝန်ထမ်းများထက် ထူးကဲသာလွန်ခြင်း၊ စိတ်ချ ယုံကြည်စွာ တာဝန်လွှဲအပ် ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည့် ထူးခြားသော အခြေအနေများ ကြောင့် ချီးမြှင့်လိုပါက အရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြမှုအပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ သဘောတူညီချက်ဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။ သို့ရာတွင် ရာထူးဝန်အဖွဲ့၏ သဘောတူညီ ချက်ဖြင့်သာ ခန့်ထားရမည် ပြန်တမ်းဝင်အရာရှိ အဆင့် ရာထူးဖြစ်ပါက ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ ဆောင်ရွက်ရမည်" ဟု ပြဋ္ဌာန်းထားရာ တာဝန်ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သော နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အတူ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇ - ၂၀၂၀)တွင် နိုင်ငံ့ဝန်ထမ်း အုပ်ချုပ်မှုပုံစံသစ်၊ အရည်အချင်းကို အခြေခံ၍ စွမ်းဆောင် ရည်ရှိမှုကို ဦးစားပေးသော အလေ့အထနှင့်စနစ်များ၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည် အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု/ တာဝန်ယူမှုဟူ၍ ဦးတည် ဆောင်ရွက်ရမည့် နယ်ပယ် ၄ ခု သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
အဆိုနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်အတွက် နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူများကို ရာထူးတိုးမြှင့် ခံစားခွင့်ပြုခြင်း၊ ကြိုတင်နှစ်တိုး ခံစားခွင့်ပြုခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်အပ်နှင်းခြင်း၊ ပြည်ပပညာတော်သင်စေလွှတ်ခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ အခြားနည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိပါကြောင်း ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောဆန္ဒကိုရယူပြီး အဆိုကို အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်န၀ါရီလ ၂၆ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်

No comments:

Post a Comment