Thursday, January 25, 2018

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းများ၏ ဒီဇိုင်းနှင့် စံနှုန်းသတ်မှတ်ချက်များ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းများ၏ ဒီဇိုင်းနှင့်စံနှုန်း သတ်မှတ်ချက်များ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉နာရီတွင် နေပြည်တော် ၊ Hotel Park Royal ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးကျော်လင်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ကျေးလက်လမ်း ၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ နိုင်ငံအတွင်း၌ ကျေးရွာပေါင်း (၆၃၈၈၉) ရွာတည်ရှိကာ လမ်းမိုင်အရှည် စုစုပေါင်း ၅၅၅၁၃ မိုင် ၅ ဖာလုံ ရှိပြီး အဆိုပါလမ်းများ အသုံးပြုနိုင်မှုမှာ ရာသီမရွေး အသုံးပြုနိုင်သည့် ကျေးရွာ (၅၀%) ၊ခြောက်သွေ့ ရာသီ၌ အသုံးပြုနိုင် သည့်ကျေးရွာ (၃၆%) နှင့် လမ်းမရှိသေးသည့် ကျေးရွာ (၁၄%) ရှိပါကြောင်း ၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးအတွက် မူဝါဒများ ၊ မဟာဗျုဟာနှင့် ရင်းနှီးမြုပ်နှံမှု အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ မဟာဗျူဟာရေးဆွဲရာမှာ လုပ်ငန်း အကောင် အထည် ဖော်မှုကို သာမကဘဲ လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း ၊ သုံးသပ်ခြင်းနှင့် သုတေသန လုပ်ငန်းရပ်များ ထည့်သွင်း ရေးဆွဲထားပါကြောင်း။
လက်ရှိဆောင်ရွက်ရာမှာ ကျေးလက်လမ်းသုတေသန ပထမ(၅)နှစ်စီမံကိန်း အစီအမံနှင့် လက်ရှိ ကျေးလက်လမ်းများ၏ ဒီဇိုင်းနှင့် စံနှုန်းများအပေါ် လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း။ အခုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် ဆွေးနွေးချက် ရလဒ် (Outcome) များအား ဆက်လက်၍ ဆောင်ရွက် သွားမည့် ကျေးလက်လမ်းများ ဒီဇိုင်းနှင့် စံနှုန်းသတ်မှတ်ချက် လက်စွဲစာအုပ် ပြုလုပ်ရာ၌ အထောက်အကူ ပြုသွားမှာ ဖြစ်ပါကြောင်း။
ကျေးလက်လမ်းနှင့် တံတားစံနှုန်းများနှင့် ယာဉ်သွားယာဉ်လာ ပမာဏနည်းပါးသည့် ကျေးလက် လမ်းပုံစံ လက်စွဲစာအုပ် ၊ လမ်းရေနှုတ်မြောင်းများနှင့် ကုန်းစောင်းအကာအကွယ် စီမံဆောင်ရွက်ချက်များ ၊ ကျေးလက် လမ်းများအတွက် Geometric ဆိုင်ရာပုံစံ လမ်းညွှန်ချက်များ ၊ လမ်းမျက်နှာပြင် စမ်းသပ်မှုများ ၊ လမ်းရွေးချယ်မှုနှင့် ဦးစားပေးအဆင့် သတ်မှတ်မှုများ ၊ ကျေးလက်လမ်းကွန်ယက်အတွက် ရာသီ ဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေခြင်းနှင့် ကျေးလက်လမ်းများ ထိန်းသိမ်းခြင်းအတွက် အကောင်းဆုံး လေ့ကျင့် လုပ်ဆောင်မှု လုပ်ထုံးလုပ်နည်း လက်စွဲစသည့် သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားသွားသည်။
ထို့နောက် နိုင်ငံတကာ အဖွဲ့အစည်းများမှ နည်းပညာရှင်များ ၊ ပညာရှင်များနှင့် စာတမ်းရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment