Thursday, January 25, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့်ကျွန်းစုမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇန်န၀ါရီ ၂၅
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခေတ် မီငါးလေလံဈေးစီမံကိန်း တည်ဆောက်မည့်မြေနေရာ၊ မြိတ်မြို့ပြည်သူ့ ၀န်ဆောင်မှုရုံး (OSS)၊ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာ ရေငန်ပုဇွန် မွေးမြူရေးလုပ်ငန်း၊ ပထော်ပထက်ကျွန်းရှိ အအေးခန်းစက်ရုံနှင့် သစ်အချောထည် စက်ရုံတို့ကို  ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မြိတ်မြို့ ကုန်းဖေါက်ရပ်ကွက်၌ တည်ဆောက်မည့် မြိတ်ခေတ်မီ ငါးလေလံဈေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမီတက်နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလှသန်းက မြိတ်အများပိုင်ကော်ပိုရေး ရှင်းလီမီတက် ဖွဲ့စည်းထား ရှိမှု၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်စီမံကိန်းများ၊ တိုင်းဒေသကြီးအတွင်း ကမ်းနီး၊ ကမ်းဝေး၊ ဒရွတ်ဆွဲ နှင့်အခြားငါးဖမ်းလှေများအရေအတွက်၊ နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှု၊  ငါး၊ ပုဇွန်၊ ကဏန်းပျော့နှင့် ပင်လယ်ရေမှော်များ မွေးမြူထားရှိမှု၊ မြိတ်ခေတ်မီငါးလေလံဈေး စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ မြိတ်အများ ပိုင်ကော်ပိုရေးရှင်းလီမီတက်က တနင်္သာရီမြို့နယ် အတွင်း ဆောင်ရွက်နေ သည့် ထုံခါ- သဲဖြူ-မောတောင်လမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် မြိတ်မြို့ အဝေးပြေးကား ဂိတ်ဖွင့်လှစ်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတက စီမံကိန်းများအားလုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများသို့ တင်ပြ ဆောင်ရွက်သွားကြရန်မှာ ကြားသည်။
ယင်းနောက် မြိတ်မြို့ပြည်သူဝန်ဆောင်မှုရုံး (OSS) ၌ ဌာနဆိုင်ရာ ၀န်ထမ်းများက ဒေသခံ ပြည်သူများအား ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
 ထို့နောက် ဒုတိယသမ္မတသည် အမြန်ရေယာဉ်ဖြင့် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာ  ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် ခေတ်မီရေငန်ပုဇွန်မွေးမြူ ရေးစီမံကိန်းသို့ ရောက်ရှိပြီး ပုဇွန်သားပေါက်များမွေးမြူထားရှိမှုနှင့် ရေငန်ပုဇွန်များ မွေးမြူ ထားရှိမှုကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီဥက္ကဋ္ဌက ပုဇွန်များ မွေးမြူထားရှိမှုနှင့် ပြည်ပသို့ တင်ပို့နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် အကျယ်အ၀န်း (၂)ဧကနှင့် ရေအနက် (၁၀)ပေခန့်ရှိ ပုဇွန်ကန်များ တူးဖော်ပြီး ရေငန်များထည့်သွင်း၍ ပုဇွန်သားပေါက်များ မွေးမြူဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ( ၄၁၅ ) ဧကမွေးမြူထားကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းရှိ ပြည့်ဖြိုး ထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမီတက် ငါးတင်ချဆိပ်ကမ်းသို့ ရောက်ရှိရာ ဥက္ကဋ္ဌ ဒေါက်တာ အောင်လွင်က ရေလုံ၊ ရေပေါ် သင်္ဘောကျင်းလုပ်ငန်း၊ သစ်အချော ထည် လုပ်ငန်း၊ ပုဇွန်နှင့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ ငါးစာမုန့်လုပ်ငန်း၊  ဆီအုန်း နှင့် ရော်ဘာစိုက်ပျိုးရေး လုပ်ငန်း၊ Sea View ကွန်ဒိုတည်ဆောက်မှုလုပ်ငန်း၊ ငါးလေလံ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ အလုပ်ခန့်အပ်နိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်များ ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၌ ရှင်းလင်းတင်ပြသည်။
 ထို့နောက် ဒုတိယသမ္မတသည် တန်(၁၀၀၀)အအေးခန်းစက်ရုံအတွင်း ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်း များအား ပြည်ပသို့ တင်ပို့ရန်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ကဏန်းပျော့များ မွေးမြူထားရှိမှုကို လည်းကောင်း လိုက်လံ ကြည့်ရှုသည်။
ပထော်ပထက်ကျွန်းတွင် ကန်(၁)ကန်လျှင် ၂ဒသမ၂ဧကအကျယ်အ၀န်းနှင့် ရေအနက် ၄ပေမှ ၅ပေခန့်ရှိ ကဏန်းကန်၁၈ကန်အား ဧရိယာ အကျယ်အ၀န်း (၈၀) ဧကတွင်မွေးမြူ၍ ကဏန်း ပျော့များ ထုတ်လုပ်လျက်ရှိသည်။
ယင်းနောက် ဒုတိယသမ္မတသည် မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ရှိ အဆောင် ကောင်းစက်မှု လုပ်ငန်းများ ကုမ္ပဏီလီမီတက် သို့ရောက်ရှိရာ တာဝန်ရှိသူများက ကုမ္ပဏီဆိုင်ရာဆိုင်ရာ အချက်အလက်များနှင့် ငါးမှုန့်၊ ငါးအသားလွှာနှင့်ကင်းမွန် ကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် စက်မှုဇုန်အတွင်း မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုသည်။
(သတင်းစဉ်)

No comments:

Post a Comment