Tuesday, January 23, 2018

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

နေပြည်တော် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ  ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

တွေ့ဆုံရှင်းလင်းပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်တို့ တက်ရောက်ကာ သတင်းမီဒီယာများ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်း ပြောကြားကြသည်။
ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက " ပြန်လည်လက်ခံတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က စီစဉ်ဆောင်ရွက်ထားတာ တွေရှိတယ်။ မီဒီယာများဘက်ကနေပြီးတော့ မေးချင်တာမေးလို့ရပါတယ်။ ကျွန်တော်တို့ ဘက်က စပြီးတော့ ပြောရမယ့် ကိစ္စကတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ထားတဲ့အတိုင်းပဲ စာချုပ်ချုပ်ပြီး နှစ်လအတွင်း လက်ခံရမယ့်ရက်က  ဒီနေ့ဖြစ်ပါတယ်။ ၂၃ ရက်၊ ဇန်နဝါရီဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်လည်လက်ခံဖို့အတွက် လက်ခံရေးစခန်း နှစ်ခုနဲ့ ကြားစခန်းတစ်ခု တည်ဆောက်ရတယ်။ လက်ခံဖို့အတွက် အစီအစဉ်တွေ ဆောင်ရွက်ရတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း အဆင့်သင့်ပို့ပြီးပြီ၊ ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ ကိစ္စတွေက အဆင်သင့်ဖြစ်နေတယ်။ အဆင်သင့်ဖြစ် နေတယ်ဆိုတာ ပထမအသုတ် လာဖို့အတွက် အဆင်သင့်ဖြစ်နေတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ရှေ့ဆက်ပြီးတော့ ပိုပြီးတော့ ပြည့်စုံအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုအခြေအနေမှာ ကျွန်တော်တို့ လက်ခံဖို့ အဆင်သင့်ဖြစ်နေပါတယ်" ဟုပြောသည်။
၎င်းတို့ ပြန်လာပါက လုံခြုံစိတ်ချမှု မည်မျှပေးနိုင်မည်၊ မြန်မာအစိုးရ ဘက်မှ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက " ဒီ process က save and voluntary လို့ ပြောတဲ့အတွက်ကြောင့်  save ဖြစ်ဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့လည်း သိတယ်၊ ဒါကိုလည်း လက်ခံတယ်။ ကျွန်တော်တို့ဘက်က ဆောင်ရွက်ထားတာကို အတိုချုပ် သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ကနေပြီးတော့ ရှင်းပြမှာဖြစ်ပါတယ် " ဟု ပြောကြားပြီး ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က တောင်ပြိုလက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း၊ ငခူရစိစစ်ပြန်လည်လက်ခံရေး စခန်းတို့မှ စိစစ်ပြန်လည်လက်ခံ သွားမည်ဖြစ်ပါကြောင်း၊ ထို့မှတစ်ဆင့် လှဖိုးခေါင်ကြားစခန်းတွင်ထားရှိကာ နယ်မြေလုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို စီစဉ်ထားပါကြောင်း၊ ထိုသို့စိစစ်သည့်နေရာတွင် စိစစ်သည့် စခန်းနေရာ အပါအဝင် နယ်မြေလုံခြုံရေးအတွက် အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးများ ဆောင်ရွက်ထားပါကြောင်း၊ စီမံချက်များ ကိုလည်း ရေးဆွဲထားပါကြောင်း၊ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အပြည့်အဝ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု အခြေအနေအား သိရှိလိုသည့် မေးခွန်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက "ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးတွေ နေပြည်တော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွေမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ နေရပ်ပြန်ပို့ဖို့ သဘောတူညီခဲ့ပါတယ်။  နေရပ် စွန့်ခွာတိမ်းရှောင်သူတွေ နေရပ်ပြန်လည် ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံအကြား Joint Working Group အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး သဘောတူညီချက်ကို ဇန်န၀ါရီ ၁၆ ရက်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အဆင်သင့် ရှိနေပြီလို့ ကျွန်တော် ထပ်လောင်းပြောကြားချင်ပါတယ်။ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကိုပို့ ထားတဲ့ စာရင်းနဲ့အညီ လက်ခံသွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လိုအပ်ပါတယ်" ဟု ဖြေကြားသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေအား သိရှိလိုသည့် မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က "ကျွန်တော်တို့အတွက် ဒေါက်တာ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက တစ်ခုကတော့ ဒီနေရပ်စွန့်ခွာ တိမ်းရှောင်သူတွေ နေရပ်ပြန်လည် ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန် ကြီးဌာနက နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေ ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းပြောပြခဲ့သလို The Arrangement on Return of Displaced Persons လို့ ကျွန်တော်တို့ခေါ်ဆိုတဲ့ ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်ကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ စီစဉ်ေ ဆာင်ရွက်ချက် တွေနဲ့အညီ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က နိုဝင်ဘာ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ သဘောတူညီပြီးဖြစ်တဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် ကြီးကြပ်ဆောင်ရွက်ဖို့ Agreement on terms of reference of joint working group၊ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်လုပ်ဆောင်မယ်ဆိုတဲ့ လက်တွေ့ကျတဲ့အစီအစဉ်တွေပါဝင်တဲ့ Physical arrangement for repatriation ကိုလည်း သဘောတူညီခဲ့ပါတယ်။ ကျွန် တော်တို့ Joint Working Group ကိုလည်း ဖွဲ့စည်းထားပါတယ်။ Joint Working Group ရဲ့ ပထမဆုံးအစည်းအဝေးကို နေပြည်တော်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ဇန် န၀ါရီ ၁၅ နဲ့ ၁၆ ရက်တွေက ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ Physical arrangement for repatriation သဘောတူညီချက် ရရှိခဲ့ပြီး အဲဒီသဘောတူညီချက်ကို ဇန်န၀ါရီ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်"
"နိုဝင်ဘာ ၂၃ ရက်က နှစ်နိုင်ငံအကြားရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင်ဖို့ အဆင့်တိုင်းကို ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင် နေပါတယ်။ သဘောတူညီချက်အရ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေ နေရပ်ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ဇန်န၀ါရီ ၂၃ ရက်နေ့မှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရ ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဆင်သင့်မဖြစ် သေးဘူးဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားနေရပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် က တရားဝင်ဆက်သွယ်မှုလည်း ကျွန်တော်တို့ မရရှိပါဘူး။ ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို ကျွန်တော်တို့ ဆက်သွယ်ခဲ့ပြီး သူတို့ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ UNHCR တို့ မနေ့ကပဲ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က စီစဉ်ထားတဲ့ ဖောင်ကို သူတို့ပေးပို့ခဲ့ပါတယ်။ ဖောင်ကို ဖြည့်ပြီးတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ စာရင်းကို UNHCR ကို ပေးပို့ရမှာဖြစ်ပါတယ်။ UNHCR က စာရင်းမှာပါတဲ့သူတွေက နယ်စပ်ဖြတ်ကျော်သွားရောက်မှုရှိ မရှိစစ်ဆေးဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုပ်ဆောင်စရာအဆင့်တွေ များစွာရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေက အမှန် တစ်ကယ် မြန်မာနိုင်ငံဘက်ကို ပြန်သွားလိုခြင်း ရှိ မရှိ စစ်ဆေးရာမှာ ဒီဖောင်ကိုဖြည့်ဖို့ ပြင်ဆင်မှုတွေများစွာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုပ်ဆောင်ရမယ့်အဆင့်ဖြစ်ပါတယ်''
''ဒါကြောင့် ပြင်ဆင်မှုတွေ အများကြီးလုပ်ဆောင်ဖို့လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်သံရုံးက ကြားသိရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ Technical Working Group ဖွဲ့စည်းထားတယ်လို့ ဒါကာမှာရှိတဲ့ မြန်မာသံရုံးက သိရပါတယ်။ Technical Working Group ရဲ့ခေါင်းဆောင်ကို The Refugees Relief and Repatriation Commissioner (PRRC) လို့ခေါ်ပါတယ်။ သူတို့အနေနဲ့ ဒီလုပ်ငန်းစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ များစွာလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒါဟာ ကျွန်တော်တို့ သူတို့ဆီကရရှိတဲ့ သတင်းတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ တောင်ပြို လက်ဝဲနဲ့ ငါးခူရဒေသတွေမှာ နေရပ် စွန့်ခွာ တိမ်းရှောင်သူ ပြန်လည်လက်ခံရေးအဖွဲ့တွေ ရှိနေပြီဖြစ်ပါတယ်။ အခြားဝန်ကြီး ဌာနတွေက ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒီနေရပ် စွန့်ခွာတိမ်းရှောင်သူတွေကို မြန်မာ နိုင်ငံဘက် ပြန်လည်ပို့ဆောင်ရင်လက်ခံဖို့ နယ်စပ်မှာ အဆင်သင့် ရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ပြင်ဆင်မှုတွေ ပြီးစီးသွားပြီဖြစ်ပြီး နေရပ်စွန့်ခွာတိမ်း ရှောင်သူတွေကို လက်ခံဖို့အဆင်သင့်ရှိနေပြီလို့ ထပ်မံပြောကြား လိုပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့အညီ သူတို့ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဇန်န၀ါရီ ၂၃ ရက်မှာ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို နေရပ်ပြန်လည်ပို့ဆောင်မှုစတင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အချိန်လိုတယ်လို့ ကြားသိရ ပါတယ်။ ဒါကတော့ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေ နေရပ်ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက် တဲ့ သတင်းဖြစ်ပါတယ်" ဟု ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း ဇန်န၀ါရီ ၂၃ ရက်ကစတင်ပြီး ပြန်လည်လက်ခံရေးဌာနနှစ်ခုမှ  နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေကို ပြန်လည်လက်ခံ သွားမည်ဖြစ်ပါကြောင်း။ ထိုသို့လက်ခံရာတွင် တစ်နေ့လျှင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃၀၀ ပြန်လည်လက်ခံရန် ပြင်ဆင်ထားပါကြောင်း၊ လက်ခံမည့်အရေအတွက်ကို ပထမအသုတ် နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံဆောင်ရွက်မှု တိုးတက်မှုအခြေအနေအပေါ် အခြေခံကာ တိုးမြှင့်လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးဌာနတစ်ခုတွင် တစ်နေ့လျှင် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၁၅၀ ဦးနှုန်းနှင့် ပြန်လည်လက်ခံရေးဌာနနှစ်ခုမှ တစ်နေ့ ၃၀၀ ဦးထိ လက်ခံသွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို သုံးလအတွင်း ပြန် လည်သုံးသပ် သွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ဖြေကြားသည်။
မြန်မာဘက်ကို ပြန်မပို့ရန် ဆန္ဒပြမှုနှင့် နိုင်ငံတကာမှ ပြန်မပို့ရန် ဖိအားပေးနေမှု အခြေအနေဆိုင်ရာ မေးခွန်းနှင့် ပတ်သက်၍ ပည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နှစ်နိုင်ငံသဘောတူညီချက် ပထမရယူဆောင်ရွက်ရ ပါကြောင်း၊ ထို့နောက် နှစ်ဘက်မှ အလုပ်လုပ်မည့် working group များ တွေ့ဆုံဆွေး နွေးရပါကြောင်း၊ ပြန်လည် လက်ခံရေးအတွက် အစီအစဉ်များကို စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရပါကြောင်း၊ မိမိတို့ လုပ်ဆောင်သည့် အဆင့်တိုင်းကို သေသေချာချာ စည်းကမ်းနှင့် ညီညွှတ်အောင် လုပ်ဆောင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစိုးရချင်း ညှိနှိုင်းမှုအခြေအနေကို သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက "ကျွန်တော်တို့ဘက်က နေပြီးတော့ သဘောတူညီချက်အတိုင်း ဒီနေ့ စရမယ့်နေ့ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့မှာ အဆင်သင့်ဖြစ်ပါတယ်။ လာရင်လက်ခံနိုင်ပါတယ်။ ကျွန်တော်တို့ဘက် က အဆင်သင့်ဖြစ်တဲ့အပိုင်းပေါ့၊ ကျန်တာကတော့ ညှိနှိုင်းလာလို့ ရှိရင် ပြန်လည် ညှိနှိုင်းရမှာပဲ၊ ဒီကိစ္စက ညှိနှိုင်းပြီး ဆောင်ရွက်ရတဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဒီကိုပို့မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းလာလို့ရှိရင် ညှိနှိုင်းချက် အပေါ်မှာ နှစ်ဘက်သဘောတူချက် ရယူပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း " ကျွန်တော်ရဲ့ ကိုယ်ပိုင်သုံးသပ် ချက်အရဆိုရင် တချို့တွေက မပြန်အောင် တိုက်တွန်းနေတဲ့ အုပ်စုတွေ ရှိတယ်ဆိုတော့ တချို့ကျတော့ ဒီပြဿနာကို ပြေလည်မှာကို စိုးရိမ်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ အစိုးရနှစ်ရပ်က ဒီပြဿနာကို ပြေလည်အောင် ကြိုးပမ်းဆောင်ရွက် နေတယ်။ တချို့ကျတော့ ပြသနာကို ပြေလည်အောင် မလုပ်ဘဲနဲ့ ပိုမိုပြီးတော့ ခက်ခဲရှုပ်ထွေးလာပြီး နိုင်ငံတကာ attention ရအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ လူမျိုးတွေလည်းရှိတယ်၊ အဲဒီလို အုပ်စုတွေရှိတဲ့အတွက်ကြောင့် ကျွန်တော် ထင်တာကတော့ တချို့ကျတော့ နိုင်ငံတကာ ဖိအားပိုမိုပြီးတော့ အသုံးပြုချင်တဲ့အခါ ကျတော့ ဒီပြသနာကို မပြေလည်အောင်၊ ပိုရှုပ်ထွေးအောင်၊ ကြီးမားလာအောင် လုပ်တဲ့ movement တွေလည်းရှိတယ်လို့ သုံးသပ်ပါတယ်" ဟု မေးခွန်းအပေါ် ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် က"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပို့လိုက်တဲ့ ပုံစံတွေကို သူတို့ဖြည့်စွက်ရမှာ များတယ်ဆိုတာ နားလည်ပါတယ်။ သူတို့ဘက်က ကော်မရှင်နာရဲ့ ပြောကြားချက်အရဆိုရင် သူတို့လုပ်ရမယ့် လုပ်ငန်းတွေက အခုမြန်မာဘက်က ပို့လိုက်တဲ့ ပုံစံတွေ အကုန်လုံးကို ဖြည့်ခိုင်းရမယ်။ ဖြည့်ခိုင်းဖို့ သူတို့ကကျတော့ UNHCR ရဲ့ အကူအညီယူတယ်၊ UNHCR နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မနေ့ကပဲ လက်မှတ်ထိုးတယ်လို့ ပြောတယ်။ အခုမှ လက်မှတ်ထိုးတယ်လို့ ဘင်္ဂလားဒေ့ရှ် သံရုံးက ပြောတယ်။ အခုမှ ပုံစံတွေ စတင်ဖြည့်စွက်ရမယ့် လုပ်ငန်းလုပ်ရမယ်။ အစောဆုံး ပြန်ခေါ်နိုင်မယ့် အုပ်စုတွေ ကျွန်တော်တို့ ဘက်က စစ်ပြီးသားတွေ အဲဒါတွေ ပေးလိုက်တာတောင်မှ ဖြည့်စွက်ဖို့ အချိန်အနည်းငယ်လိုမယ်။ အဲဒီဟာတွေ ဖြည့်စွက်ပြီးလို့ရှိရင် မိသားစု စာရင်းကို မြန်မာဘက်ကို ပေးပို့ရမယ်။ မြန်မာဘက်က ပြန်စစ်ပြီး ပြန်လာလို့ရှိရင် ဒီလူတွေကို နယ်စပ်ဘက်ကို သယ်ပို့ရမယ်။ မပို့ခင်မှာလည်း UNHCR ကနေပြီး သူတို့ကို ဒီလူတွေက တစ်ဦးချင်းစီ ဆန္ဒအလျှောက် ပြန်ချင်တာလား၊ တိုက်တွန်းလို့ ပြန်ချင်တာ လားဆိုတာ မေးရမယ်။ ဆန္ဒအလျှောက်ပြန်ချင်တဲ့သူပဲ စိစစ်ပြီး သွားခွင့်ပေး မယ်။ တကယ်လက်တွေ့ အကောင်အထည်ဖော်လုပ်ငန်းတွေက မြေပြင်မှာ များပြားပါတယ်။ အဲဒီလိုလုပ်ငန်းတွေ ရှိတာ ကြောင့် သူတို့ဘက်မှာ ပြင်ဆင်ချိန် တော်တော်လေး လိုအပ်နေသေးတယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဝန်ခံပြောကြား ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ Ready ဖြစ်တဲ့အချိန်မှာ လက်ခံဖို့ အဆင်သင့်ပါပဲ။ ကိုယ့်တာဝန်ကတော့ မပျက်စေရဘူး။ ကိုယ့်တာဝန် မပျက်စေရဘူးဆိုတာ ပြသဖို့တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေပါတယ်" ဟု ပြောကြား သည်။
ပြန်လည်လက်ခံသည့် ရက်သတ်မှတ်ချက် အတိုင်းအတာရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက "ကျွန်တော်တို့ကတော့ ဒီ ၂၃ ကစပြီး နေ့တိုင်းဖြစ်နေပြီ။ အခုနတုန်းက ဝန်ကြီးပြောသလိုပဲ တစ်ဘက်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း ရှိနိုင်တယ်။ ပြန်ပို့ပြီဆိုတဲ့ ရက်က ကျွန်တော်တို့ လက်ခံတဲ့ရက်ပဲ၊ ၂၃ ရက်ကနေ စပြီး တောက်လျှောက်လက်ခံလို့ရတယ်။ ၂၃  ရက် လက်ခံတယ်။ နောက်ဘယ်ရက်ကို သတ်မှတ်တယ်ဆိုပြီး အဲဒါမျိုးမှ မရှိတာ။ ဆက်တိုက် ၂၃ ရက်မှစ၍ နေ့တိုင်း လက်ခံလို့ရပါတယ်" ဟု ဖြေကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း "ကျွန်တော်တို့ဘက်က သတ်မှတ်ချိန် ဇန်န၀ါရီ ၂၃ ရက်ဆိုတဲ့ အတိုင်း ကိုယ့်ဘက်က မဖောက်ဖျက်အောင် မချိုးဖောက်အောင် လိုက်နာပြီး ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဘက်က တာဝန်ကျေပါတယ်၊ သူတို့ဘက်က အခက်အခဲရှိ တာကိုတော့ နားလည်ရမယ်၊ သူတို့ဘက်က ဘယ်တော့ ဖြစ်မလဲ၊ ဒါကတော့ သူတို့ ဘက်က Ready ဖြစ်တဲ့နေ့ အကြောင်းကြားလာရင် ကျွန်တော်တို့ဘက်က လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဖြည့်စွက်ဖြေကြားသည်။
လွတ်လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည့်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အားလုံးသိရှိသည့်အတိုင်း မီဒီယာများကို အသုတ်လိုက် ခေါ်ဆောင်သွားလျက်ရှိပါကြောင်း၊ ယခုရောက်ရှိနေသည့် Rakhine Advisory Board နှင့်အတူ မီဒီယာအဖွဲ့ကိုလည်း ခေါ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမား ၁၇ ယောက် ပါဝင်မည်ဟု သိရှိရပါ ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လွတ်လွတ်လပ်လပ်သတင်းယူလို့ရပါတယ်၊ အခုခေတ် အခုအခါမှာ လွတ်လပ်မှု အပြည့် ရှိပါတယ်၊ သို့သော် ဒီနယ်စပ်ဒေသမှာတော့ လုံခြုံရေးက အရေးကြီးတဲ့အတွက် ဒီလိုစတင်တဲ့အချိန်မှာ ပြေပြေ လည်လည်ဖြစ်အောင် ပြဿနာမပေါ်အောင် ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်နေတာပဲဖြစ်ပါတယ်၊ မီဒီယာတွေ ကိုတော့ ကျွန်တော်တို့ သွားခွင့်ပေးမှာပါ" ဟုလည်း ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြမ်းဖက်စာရင်း ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက "        လောလောဆယ် အားလုံးသိတဲ့အတိုင်းပဲ သတင်းစာ ထဲမှာလည်း ထည့်ထားပြီးပါပြီ၊ ဒီအကြမ်းဖက်နဲ့ ပတ်သက်တဲ့၊ ပါဝင်ပတ်သက်နေတဲ့လူတွေကို ကျွန်တော်တို့ က အတိအကျ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာရှိပါတယ်၊ ဒါကိုလည်း ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ် ဘက်ကိုလည်း ပေးပြီးပါပြီ၊ နိုင်ငံတကာ Interporl ကိုလည်း ပို့ပြီးဖြစ် ပါတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က '' ကျွန်တော် ဖြည့်စွက်ပြောရင် Immigration ကိုလည်း မေးမြန်း ကြည့်ပါ။ စိစစ်တဲ့အခါမှာ ဟိုမှာ လက်ခံမယ့် Team တွေမှာ ကွန်ပျူတာတွေပါ ရောက်ရှိ နေပြီ။ အဲဒီမှာ သူတို့ရဲ့ Bio Data တွေပါ ယူဖို့ရှိတယ်။ သူတို့ဒီမှာ နေသွားတဲ့ လူတွေ ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့ စာရင်းနဲ့တိုက်ဖို့ တစ်ခု ရှိတယ်၊ ဒီလူတွေဟာ မိမိတို့ ဆီမှာရှိတဲ့စာရင်းနဲ့ အကြမ်း ဖက်သမားတွေပါ၊ မပါ စိစစ် ဖို့ရှိပါတယ်၊ အဆင့်နှစ် ဆင့်ရှိပါတယ်၊ တကယ်လို့ အကြမ်းဖက်သမားတွေပါလာရင် လိုအပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကိုလည်း ပြုလုပ်ထားပါတယ်'' ဟု ပြောသည်။
တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးမှု ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က '' ကျွန်တော်တို့ ဘက်ကတော့ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီး စာရင်းတွေကို ပေးထားပါတယ်၊ အားလုံးလည်းသိအောင် ကြေညာထားပါတယ်၊ သူတို့ဘက်ကတော့ အခုချိန်မှာ ကျွန်တော်သိသလောက်  ဒါတွေနဲ့ ပတ်သက်ပြီး လွဲပြောင်းပေးတာ မရှိသေးပါဘူး၊ စဖြစ်ဖြစ်ချင်း အောက်တိုဘာ ၉ တုန်းကတော့  နှစ်ယောက် လွှဲပြောင်းပေးခဲ့ဖူးတဲ့ သာဓကတော့ ရှိပါတယ်၊ သူတို့ကိုယ်တိုင်ကလည်း မူအားဖြင့်တော့ အကြမ်းဖက်ဝါဒကို အားမပေးဘူး ဆိုတာ မျိုးတော့ ပြောထား ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီဟာနဲ့ ပတ်သက်ပြီး ပို့လိုက်တဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီက ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးပါဘူး" ဟု ဖြေကြားသည်။
အကြမ်းဖက်သမားများနှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က "အကြမ်းဖက်သမားကို လက်မခံဘူးဆိုတာ နှစ်နှစ်နိုင်ငံ သဘောတူညီပြီးသားပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က လည်း သူတို့မြေပေါ်မှာ လက်မခံဘူး၊ မြန်မာနိုင်ငံအနေနဲ့ကလည်း အကြမ်းဖက် သမားတွေကို လက်မခံဘူး၊ အကြမ်းဖက်သမားဆိုတာမျိုးက ချိုပါတာ မဟုတ်ဘူးလေ၊ အဲဒီစခန်းတွေထဲမှာ ရှိနိုင်သလို၊ အခြား မမြင်ရတဲ့နေရာတွေ မှာလည်း ရှိနိုင်တာပဲ၊ ဒါတွေကို နှစ်နိုင်ငံပေါင်းပြီး ဖမ်းပေးမယ်ဆိုပြီး ပြည်ထဲရေး ၀န်ကြီးဌာနချင်းလည်း ညှိနှိုင်း သဘောတူညီပြီးသား ဖြစ်တယ်၊ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက လာရောက်ခဲ့ပြီး ဖြစ်ပါတယ်၊ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးအဆင့်လည်း လာမယ့်လမှာ သွားရောက် ပြီး နှစ်နိုင်ငံနယ်နိမိတ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သမားတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ သဘောတူညီပြီးသားဖြစ်ပါတယ်" ဟု ပြောသည်။
ပြန်လည်လက်ခံရေးအချိန်ကန့်သတ်ချက် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က "ကျွန်တော်တို့ဘက်ကတော့ Save and Voluntary ဆိုတဲ့ သဘောတူညီချက်အတိုင်း အပြည့်အ၀ ဆောင်ရွက်နေပါတယ်၊ အဲဒီအတွက်ကို ကျွန်တော်တို့အနေနဲ့ လက်ခံဖို့အတွက်  အသင့်ဖြစ်နေပါတယ်လို့ ပြောချင်ပါတယ်၊ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး တကယ်ပဲစိတ်ဝင်တစား ရောက်ရှိပြီး တကယ်ကိုဒုက္ခခံပြီး လာရောက်ကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါ တယ်၊ ကျွန်တော်တို့အနေနဲ့ကလည်း အများကြီးအလေးထားသလို အားလည်းအားကိုးပါတယ်၊ ကျွန်တော်တို့ သတင်းအမှန်တွေကို ဖြန့်ဖို့အတွက် မီဒီယာတွေရှိမှ ရမှာဖြစ်တဲ့ အတွက်ကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်"
"ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ပထမလျာထားချက်က နှစ်နှစ်ဖြစ်ပါတယ်၊ အခြေအနေအရ နှစ်နှစ်ထက်လည်း စောပြီးတော့ ပြီးချင်လည်း ပြီးနိုင်တယ်၊ ပိုလည်းကြာနိုင်တယ်၊ သတ်မှတ်ထားတာတော့ နှစ်နှစ်အတွင်းမှာဆိုတာ သတ်မှတ်ထားပါတယ်၊ လက်ခံမယ့်သူ စုစုပေါင်းအရေအတွက်ကို မသတ်မှတ်ပါဘူး၊ တကယ်လို့ မူနဲ့ကိုက်ညီတယ်၊ ပြန်လာဖို့ အရည်အချင်းနဲ့ပြည့်စုံတယ်၊ ကျွန်တော်တို့လက်ခံနိုင်တဲ့ သတ်မှတ်ချက်တွေနဲ့  ပြည့်စုံရင်ရပါတယ်" ဟု ဖြေကြားသည်။

(သတင်းစဉ်) 

No comments:

Post a Comment