Tuesday, January 23, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ  ၂၃
ထိုင်းနိုင်ငံအငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prof. DrSurakiartSathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးကျော်တင်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် မြန်မာပြည်သူ မြန်မာပြည်သားများသာမက လူ့အဖွဲ့အစည်း အားလုံးအထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးအပေါ်တွင် မူတည်နေပါကြောင်း၊ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်းဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ အကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့် အထောက်အကူပြုမှုများကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအကြံပေး အဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံအငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့ အကြံပေးအဖွဲ့တွင် နိုင်ငံရေး နယ်ပယ်နှင့် စီးပွားရေးနယ်ပယ်တို့မှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါကြောင်း၊ အကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့် အတွေ့ အကြုံများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီသို့ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို ဖလှယ်ခွင့်ရရှိမည် ဖြစ်ပါ ကြောင်း၊ အကြံပေးအဖွဲ့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သည့်အတွက် များစွာဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေး အဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့သည် အကြံပြု ချက်များအလိုက် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့အား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment