သတင်း-ရီရီမြင့်၊ နန္ဒာဝင်း
ဓါတ်ပုံ- ရဲထွဋ်
ရန်ကုန်၊ ဇန်န၀ါရီ ၂၃
“အဂတိလိုက်စားမှုတွန်းလှန်ဖို့
ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့” ဦးတည်ချက်ဖြင့် ကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
စာတမ်းဖတ်ကြားဆွေးနွေးပွဲ ဒုတိယ နေ့ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဦးအေးလွင်နှင့်ဦးညွန့်ဝေက
အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့ ၊ ဦးဇေယျသူက The Role
of media in promoting integrity and combating corruption၊ ဒေါက်တာခိုင်ခိုင်ဝင်းက
အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းဖြစ်သည်၊ ဦးသွင်လင်းအောင်က
အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို ကိုယ်ကျင့်တရားရှုထောင့်မှ ချဉ်းကပ်ခြင်း၊ ဦးမြင့်သွင်က
Anti Corruption Training၊ ဒေါ်ဖြူဖြူဇင်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် စီးပွားရေးလုပ်ငန်း၏
ဂုဏ်သိက္ခာမြှင့်တင်ခြင်း၊ ဦးဇော်တူးက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊
ဦးအောင်စိုးက အကျဉ်းထောင်အတွင်း အဂတိလိုက်စားမှု လျော့ကျကင်းစင်ရေး၊ ဦးဝင်းမြင့်သန်းက စင်ကာပူကို ကျော်လိုလျှင်စသည့် စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်
နှစ်ရက်တာအတွင်း ဖတ်ကြားခဲ့သည့် စာတမ်း (၂၆) စောင်ကို Moderator များက ခြုံငုံသုံးသပ်
ဆွေးနွေးကြသည်။
ထို့နောက် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်း ဖတ်ကြားဆွေးနွေးပွဲ
ဖြစ်မြောက်ရန်ပံ့ပိုးခဲ့ကြသည့် ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများနှင့် ၀ိုင်းဝန်းကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်စကား ပြောကြားသည်။
စာတမ်းဖတ်ကြား ဆွေးနွေးပွဲအပြီးတွင်
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ
ဦးအောင်ကြည်က ကော်မရှင်၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ကြေငြာချက် (၁/၂၀၁၈) ကိုလည်းကောင်း
ဖတ်ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်
သတင်းမီဒီယာများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊
နှစ်လတာအတွင်း ကော်မရှင်သို့ တိုင်ကြားလာသည့် အမှုအရေအတွက်နှင့် အရေးယူ ဆောင်ရွက်မှု၊
ကော်မရှင်၏ ဘတ်ဂျတ်အသုံးပြုမှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဟန်ညွန့်နှင့် ဒေါ်လဲ့လဲ့သွင်တို့က
ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ စာတမ်းဖတ်ကြားဆွေးနွေးပွဲကို
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး
(UNODC) တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး စာတမ်းဖတ်ပွဲကြောင့် ဗဟုသုတအမြင်များ
တိုးပွားရရှိခြင်း၊ ဆောင်ရန်၊ ရှောင်ရန်အသိတရားများရရှိခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များအတွက် ရည်မှန်းချက်များ၊ မျှော်မှန်းကျင့်သုံးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ
ရရှိနိုင်ကြောင်း၊ စာတမ်းဖတ်ပွဲ၏ အောင်မြင်မှု၊ အကျိုးသက်ရောက်မှု များကို အခြေခံ၍ အဂတိလိုက်စားမှု
တိုက်ဖျက်ရေး ကော်မရှင်သည် ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုး တိုးတက်ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို
ဘက်စုံထောင့်စုံမှ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနစ် လုပ်ငန်းစီမံချက်ကိုလည်း
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:
Post a Comment