Sunday, January 21, 2018

နေပြည်တော်၌ ပထမဆုံးအကြိမ်ပြုလုပ်သည့် သံဃာတော်အပါး(၁၀၀၀၀) မဟာသံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၂၀
နိုင်ငံသူ နိုင်ငံသားများ လိုလားတောင့်တနေသော ငြိမ်းချမ်းရေးရရှိပြီး အေးချမ်းစည်ပင်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘေးရန်အန္တရာယ်ကင်းဝေးစေရန်အတွက် နေပြည်တော်၌ ပထမဆုံးအကြိမ်ပြုလုပ်သည့် သံဃာတော် အပါး (၁၀၀၀၀) မဟာ သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးပွဲတော်ကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီး များ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၊ တိပိဋကဓရဆရာတော်ကြီးများ၊ ဥပ္ပါတ သန္တိစေတီတော် ဂေါပကအဖွဲ့ သြ၀ါဒါ စရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ သံဃ နာယကအဖွဲ့ ဆရာတော်များ၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ တောင်ငူမြို့နယ်နှင့် ရမည်းသင်း မြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
မွန်းလွဲ ၂ နာရီတွင် သံဃာတော်အပါး(၁၀၀၀၀)တို့အား မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူသည့် မင်္ဂလာအခမ်းအနားကိုကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ပါဝင် လှူဒါန်း ကုသိုလ်ပြုကြသည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပွဲတော်ကွင်းတွင် သံဃာတော်အပါး ၉၀၀ ဖြင့် ဇန်န၀ါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ၄ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် အသံမစဲမဟာပရိတ်တော်၊ မဟာပဋ္ဌာန်း ဒေသနာ တော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သြ၀ါဒါ စရိယ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးတို့ထံမှ ကိုးပါး သီလခံယူ ဆောက် တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေ ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment