ရန်ကုန် ဇန်နဝါရီ ၇
မြန်မာနိုင်ငံအင်ဂျင်နီယာကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု အကျိုးပြုလုပ်ငန်းများနှင့် ကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့်
လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဒုတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊
ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်မြို့၊
လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊ အမှတ် (၅ /က) ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး
Function Hall ၌ ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် တက်ရောက်အဖွင့်အမှာစကား
ပြောကြားသည်။
အဆိုပါအခမ်းအနားသို့
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင်များ၊ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ကောင်စီဝင်များ၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က ဒုတိယအကြိမ် ကောင်စီဝင် (၆၀) ဦးကို ကောင်စီဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နာယကစုံညီ အစည်းအဝေးက ရွေးချယ်အတည်ပြုခဲ့ပြီး၊
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နည်းဥပဒေ အခန်း (၂)၊ အပိုဒ်(၅)(ခ)အရ နာယက အဖွဲ့က ဒုတိယအကြိမ် မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ သက်တမ်းအတွက် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်တွဲဖက် အတွင်းရေးမှူးတို့ကို ကောင်စီဝင်
(၆၀) ထဲမှ ထပ်မံရွေးချယ်ခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်များသည်
အင်ဂျင်နီယာများ လိုက်နာရမည့် အခြေခံ ကျင့်ဝတ်များနဲ့ ကောင်စီဝင်များ ၏ “Code of
Conduct” အတိုင်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။
ကောင်စီဝင်များ၏ တာဝန်သတ်မှတ်ချက်အရ
ကောင်စီဝင်တိုင်းသည် အလုပ်အမှုဆောင်အဖွဲ့က ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီတစ်ရပ် သို့မဟုတ်
တစ်ရပ်ထက်ပိုသော လုပ်ငန်းကော်မတီများတွင် အလုပ်အမှုဆောင်အဖွဲ့၏ ရွေးချယ် သဘောတူညီချက်ဖြင့်
အဖွဲ့ဝင် တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ကောင်စီဝင်တိုင်းသည် သက်ဆိုင်ရာ ကော်မတီများအ
လိုက် သတ်မှတ်ထားသည့် တာဝန်များနှင့် ကျင့်ဝတ်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမှာ
ဖြစ်ပါကြောင်း။
ကောင်စီဝင်တိုင်းသည်
“Conflict of Interest” မရှိရန် အထူးဂရုပြု လိုက်နာ ဆောင်ရွက်ရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ပညာရှင်များက
လိုအပ်ချက်များကို တောင်းဆိုလျက်ရှိရာ အဆိုပါ လိုအပ်ချက်များ၊ တောင်းဆိုချက်များကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ ကောင်စီဝင်တိုင်းက တာဝန်ခံ၊ တာဝန်ယူလျက် တစ်ဦးကောင်း
တစ်ယောက်ကောင်း မဆောင်ရွက်ဘဲ အားလုံးဝိုင်းဝန်း
ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊
နာယကအဖွဲ့ဝင် မြန်မာနိုင်ငံ ပညာရေးမူဝါဒ ကော်မရှင်ဒုတိယဥက္ကဌ ဒေါက်တာညီလှငယ်က မြန်မာနိုင်ငံအင်ဂျင်နီယာကဏ္ဍ
တိုးတက်မြင့်မားရေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ
အောင်မြင်ရေး၊ မျိုးဆက်သစ် အင်ဂျင်နီယာများ လက်တွဲခေါ်ယူပြီး အနာဂတ်အင်ဂျင်နီယာ စွမ်းပကားဖြင့်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက် ၍
ရှင်းလင်းပြောကြားသည်။
ယင်းနောက်မြန်မာနိုင်ငံ
အင်ဂျင်နီယာ ကောင်စီအသစ်အား မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီဥပဒေ၊ နည်းဥပဒေများနှင့် အညီ အဆင့်လိုက်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊
အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ကောင်စီဝင်များက နာယကကြီး များ ရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်း
ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment