Sunday, January 7, 2018

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲကျင်းပ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့ တက်ရောက် အားပေး



ရန်ကုန် ဇန်န၀ါရီ ၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း ကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း (စိန့်ပေါလ်ကျောင်း) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့ တက်ရောက် အားပေး ချီးမြှင့်သည်။

ရှေးဦးစွာ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ကျောင်းဥပစာရှေ့ မုခ်ဦး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ နိုင်သက်လွင်နှင့် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ ပြည်ထောင်စု ၀န်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းသား ကျောင်းသူများနှင့် လည်းကောင်း၊ စိန့်ပေါလ် ကျောင်းသားဟောင်းများနှင့် လည်းကောင်း စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စု ၀န်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ရန်ကုန်)တွင် ဖျော်ဖြေ တင်ဆက် သည့် ကျောက်ဆည်ဆင်အကနှင့် ပွဲတော်အတွင်း ခင်းကျင်း ပြသထားသည့် အခြေခံပညာကျောင်းများပြခန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ပြခန်း၊ ဆရာကြီး မင်းသုဝဏ် ပြခန်းများ အပါ အ၀င် ပွဲတော်အတွင်း ခင်းကျင်း ပြသထားရှိမှုများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။
ထို့နောက် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ရန်ကုန်) ဒုတိယပိုင်း အစီအစဉ်များကို အဆိုပါ ကျောင်းရှိ အောင်ဆန်းခန်းမ၌ ဆက်လက် ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “ကလေးစာပေပွဲတော် Theme Song” သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင်  ကလေးစာပေပွဲတော်များ ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် အရှိန်ရ လာပြီဖြစ်ပါ ကြောင်း၊ နိုင်ငံတော် သမ္မတကြီး အမှူးပြုသည့် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်သည့် ပြည်ထောင်စု အဆင့်ပွဲများကို နေပြည်တော်၌  စတင် ကျင်းပခဲ့ပါကြောင်း၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာတို့တွင် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ရန်ကုန်မြို့တွင် ကျင်းပခြင်း ဖြစ်ပါကြောင်း။
ရန်ကုန်မြို့တွင် ကျင်းပပြီးစီးပါက ပုသိမ်မြို့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက် နေပါကြောင်း၊ အဆိုပါ ကျင်းပခဲ့သည့် ပွဲများသည် ပြည်ထောင်စုအဆင့် ကျင်းပခဲ့သည့် ပွဲများဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့တော်များ အပါအ၀င် ခရိုင် မြို့ကြီးများတွင် ကလေးစာပေပွဲတော်များ ဆယ်ခုထက် မနည်း ကျင်းပပြီး ဖြစ်ပါကြောင်း။
ဆက်လက်၍လည်း ကလေးစာပေပွဲတော်များ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ပွဲသည် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တက်ရောက် ချီးမြှင့်သည့်ပွဲ ဖြစ်ပါကြောင်း၊ သမ္မတကြီးသည် နေပြည်တော် ပွဲကတည်းကပင် ကလေးစာပေပွဲများကို စိတ်ပါဝင်စားစွာ တက်ရောက် အားပေးခဲ့ပါကြောင်း၊ သမ္မတကြီး ကိုယ်တိုင်သည်လည်း စာပေသမား ဖြစ်ပြီး စာအုပ်စာပေများကို ရေးသား ပြုစုနေသူတစ်ဦးလည်း ဖြစ်ပါကြောင်း၊ သမ္မတကြီး၏ ဖခင်သည် အားလုံး သိကြသည့် အတိုင်း ဆရာကြီး မင်းသုဝဏ်ဖြစ်ပြီး စာပေနယ်တွင် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါကြောင်း၊ ကဗျာဆရာကြီး ဖြစ်သလို အဘိဓာန်ကျမ်းများလည်း ပြုစုသည့် ပညာရှင်တစ်ဦး ဖြစ်ပါကြောင်း။
မြန်မာစာပေနယ်တွင် ရှားပါးသည့် ကလေးစာပေများ ပြုစုသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါကြောင်း၊ ကဗျာ၊ အလင်္ကာ၊ ပုံပြင်စသည့် ကလေးစာပေများကို အများကြီး ရေးသား ပြုစုခဲ့ပါကြောင်း၊ မြန်မာပြည်၏ ကလေးစာပေ ဖခင်ကြီးတစ်ဦးဟု ခေါ်ဆိုရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီးကို မေတ္တာရပ်ခံပြီး ဆရာကြီးမင်းသုဝဏ်နှင့် ပတ်သက်သည့် ပြခန်းကိုလည်း နေပြည်တော်ပွဲ ကတည်းကပင် စတင် ပါဝင်ပြသခဲ့ပါ ကြောင်း၊ သမ္မတကြီး ကိုယ်တိုင် ပြုစုခဲ့သည့် စာအုပ်၊ စာတမ်း၊ မှတ်တမ်း၊ စာပေများကို  ပြခန်းမှာ ပါဝင်ပြသ ထားပါကြောင်း။
စာပေနှင့် ပတ်သက်ပြီး ကလေးများကို ပျော်ရွှင်စေ ချင်ပါကြောင်း၊  ပျော်ရွှင်မှု သည် စာပေနှင့် ဆက်စပ်သည့် ပတ်ဝန်းကျင်ထဲတွင် ကလေးများ ပျော်ရွှင်တာမျိုး ဖြစ်စေချင်ပါကြောင်း၊ ကလေးများ စာပေပွဲတော်တွင် စာအုပ်ဆိုင်များ၊ စာအုပ် အရောင်းဆိုင်များ တွဲဖက်ပြီး ကျင်းပပေးခြင်းကြောင့် ကလေးများ အနေဖြင့် စာအုပ်တန်းကို ၀င်ရောက် ကြည့်ရှုရင်း သူတို့ စိတ်ဝင်စားသည့် စာအုပ်များ ၀ယ်ယူ သွားခြင်းသည်လည်း ကလေးများကို စာအုပ် စာပေနှင့် ထိတွေ့ပေးခြင်းလည်း ဖြစ်ပါကြောင်း။
 စာအုပ်စာပေနှင့် ထိတွေ့ပြီးသား ကလေးများ အနေဖြင့်လည်း ပွဲတော်လာရင်း ကလေးစာပေ အမြောက်အများ ထိတွေ့ပြီး စာအုပ်ဖတ်သည့် အလေ့အထ၊ စာအုပ်ဝယ် ယူသည့် အလေ့အထများ ရသွားစေလိုပါကြောင်း၊ ကလေးများသည် စာအုပ်စာပေ ပတ်ဝန်းကျင်မှာ ပျော်ရွှင်ဖို့ ဆိုသည့် ရည်ရွယ်ချက်သည့် အဓိကကျသည့် ရည်ရွယ်ချက် ဖြစ်ပါကြောင်း။
ကလေးများအနေဖြင့် အိမ်မှာနေရင်း ညီအစ်ကို မောင်နှမအချင်းချင်း ပျော်ရွှင် ရသည်မျိုးနှင့် မတူဘဲ ယခုကဲ့သို့ ကလေး အမြောက်အများဖြင့် ပွဲတော်ကို လာရောက် ပျော်ရွှင်တာမျိုး ဖြစ်စေချင်ပါကြောင်း၊ ကလေးများအနေဖြင့် ပွဲတော်မှ အစီအစဉ်များကို  ကိုယ်တိုင်ပါဝင် ဆင်နွှဲစေလိုပါကြောင်း၊ အခြား ပျော်ရွှင်စရာ နည်းလမ်းများ၊ ကစားနည်း များကိုလည်း ၀င်ရောက် ယှဉ်ပြိုင် ကစားလို့ရပါကြောင်း၊ တစ် အချက်သည် ကလေးများ ပျော်ရွှင်ဖို့၊ နှစ်အချက်သည် ကလေးများ စာအုပ် စာပေ ပတ်ဝန်းကျင်မှာ ပျော်ရွှင်ဖို့၊ သုံးအချက်သည် ကလေးများ အများနှင့် ထိတွေ့ စုပေါင်း လုပ်ဆောင်ရသည့် အလုပ်များတွင် ပျော်ရွှင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။
ကလေးများသည် အနာဂတ်နိုင်ငံ၏ ခေါင်းဆောင်များ ဖြစ်လာမည်ဟု ပြောဆိုမှုများ ရှိပါကြောင်း၊ တချို့သည်လည်း နိုင်ငံ့ ခေါင်းဆောင်များဖြစ်လာပြီး တချို့သည်လည်း တိုင်းပြည်၏ကဏ္ဍအသီးသီးတွင် ပါဝင် ထမ်းဆောင် ကြမည့်သူများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ကလေးများအနေဖြင့် နေရာကဏ္ဍ အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ဖို့သည် အဓိကဖြစ်ပါကြောင်း၊ ကလေးများနှင့် ပတ်သက်ပြီး လူကြီးများက လူတော် လူကောင်းများ ဖြစ်စေရန် အမြဲ ပြောဆိုကြပါကြောင်း၊ အရွယ် ရောက်လာပါက လူတော်လူကောင်းများဖြစ်လာရန်၊  ယခင်က ဗလငါးတန် ပြည့်စုံရန် ပြောပါကြောင်း။
ဗလငါးတန်အပြင် ကလေးများဘက်စုံ ဖွံ့ဖြိုး တိုးတက်စေချင်သည့် ရည်ရွယ်ချက် ဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ကလေးများ ငယ်စဉ်ဘ၀ကပင် လူရည်လူသွေး၊ ဉာဏ်ရည် ဉာဏ်သွေး ပြည့်စုံအောင် ရည်ရွယ်ကာ လူတော် လူကောင်း ဖြစ်စေဖို့ ကလေးများကို လူကြီးများအနေဖြင့် မြေတောင် မြှောက်ပေးသည့် ၀တ္တရားရှိသည့် အတိုင်း ကလေးစာပေပွဲတော်ကို ကျင်းပခြင်း ဖြစ်ပါကြောင်း။
ကလေးစာပေပွဲတော် အောင်မြင်စေဖို့အတွက် ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေး ကြသည့် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကမကထပြု ဆောင်ရွက်ပေး ပါကြောင်း။ အဆိုပါသုံးခုသာမက အခြား ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြသည့် ပုဂ္ဂိုလ်များစွာ ရှိပါကြောင်း၊ စိန့်ပေါလ် ကျောင်းကြီးသည် သမိုင်းဝင် ကျောင်းကြီး ဖြစ်သည့်အတွက် ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်နေသည့် အပိုင်းများကို ပွဲတော်အမှီ ပြင်ဆင်ပေးခဲ့သူများ ရှိပါကြောင်း၊ ကုန်ကျစရိတ်များကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စိန့်ပေါလ်ကျောင်းသား အသင်းက ကူညီပေးခဲ့ခြင်းကြောင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း။
စိန့်ပေါလ်ကျောင်းသည် သမိုင်းအစဉ်အလာ ရှိသည့်ကျောင်း ဖြစ်ပြီး စိန့်ပေါလ် ကျောင်းကဲ့သို့ ရန်ကုန်မြို့တွင် သမိုင်းရှိသည့် ကျောင်းများတွင်လည်း အလားတူ ပွဲတော်များ ကျင်းပရန် မျှော်လင့်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကာ ရန်ကုန်မှာ စတင်၍ ကျောင်းများတွင် စာပေဆိုင်ရာ လှုပ်ရှားမှုများ လုပ်သွားချင် ပါသဖြင့် အားလုံးက ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  ရန်ကုန်မြို့ပြ အမွေအနှစ် စာရင်းဝင် နှစ်ပေါင်း ရာကျော်ရှိသော သမိုင်းဝင် အဆောက် အအုံဖြစ်သည့် ကျောင်းတွင် ကလေးစာပေ ပွဲတော်ကို ပူးပေါင်း ကျင်းပခွင့်ရသည့် အတွက် ဂုဏ်ယူပါကြောင်း၊ ကလေးစာပေ ပွဲတော် ကျင်းပရခြင်းသည် ကလေးများကို ပျော်ရွှင်စေလိုခြင်းနှင့် စာများများ ဖတ်စေလိုသည့် အတွက် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ကလေးစာပေပွဲတော်ကို အားပေးခြင်းသည် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာများများဖတ်၊ များများ တွေးခေါ်၊ များများ သင်ယူကာ လူ့ပတ်ဝန်းကျင် အတွက် ကောင်းသော တီထွင် ကြံဆမှုများ ဆောင်ရွက်ပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် တတ်စေရန်အတွက် အားပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က  ယနေ့လူငယ်များအား အရည်အသွေး ပြည့်ဝသည့် လူလတ်၊ လူကြီးများ ဖြစ်လာ စေရန်အတွက် ကလေးစာပေ ပွဲတော်သည် အရေးကြီးပါကြောင်း၊ လူငယ်ရေးရာ မူဝါဒတွင် ပါဝင်သည့် အချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ကလေးများ၊ လူငယ်များက စာများများဖတ်ပြီး ဗဟုသုတ အရည်အချင်း ပြည့်ဝမှသာလျှင် အရေးကြီးသည့် လူငယ် မူဝါဒတစ်ခု ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် ကလေးစာပေ ပွဲတော်သည် သာမန်အနေဖြင့် ကြည့်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခု၌ ပြုလုပ်သည့် ကလေးစာပေပွဲတော် တစ်ခုဖြစ်သော်လည်း နောက်ကွယ်တွင် အရေးကြီးသည့် နိုင်ငံ၏ ခိုင်မာ တောင့်တင်းသော အုတ်မြစ်များ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က  ယနေ့လူငယ်များသည် နောင်လာမည့် ကာလတွင် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ကြမည်ဖြစ်ရာ မှန်ကန် မြင့်မြတ်သည့် အတွေးအခေါ်၊ အသိပညာများ ပေါ်ပေါက်စေရန် စာပေဖြင့် ၀ိုင်းဝန်း တည်ဆောက် ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ကလေး စာပေပွဲတော် ကျင်းပခြင်းဖြင့် ကလေးများ စာပေအပေါ် ချစ်မြတ်နိုးပြီး စာပေသည် ဘ၀အတွက် အရေးကြီးသည့် ပညာရပ် တစ်ခုအဖြစ် မှတ်ယူကာ စာဖတ်သည့် အလေ့အကျင့် ကောင်းကို ရရှိစေရန်နှင့် ကလေးတို့ အတွက် နောင်တစ်ချိန်တွင် ငယ်ဘ၀ကို အမှတ်ရစေရန် အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ကလေးစာပေ ပွဲတော် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းစီစဉ် ဆောင်ရွက် ပေးခဲ့ကြသည့် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များနှင့် ၀ိုင်းဝန်း ကူညီကြသူများအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက အပျိုတော် ယိမ်းအကဖြင့် လည်းကောင်း၊ မသန်စွမ်း သက်ငယ် သင်တန်းကျောင်း၊ သမိုင်း (မရမ်းကုန်း)မှ ကျောင်းသား ကျောင်းသူလေးများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် လည်းကောင်း၊ ဗဟန်းမြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ထာဝရသစ္စာ” သီချင်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ကျောင်းများ ကိုယ်စား Genius ကျောင်းမှ ကျောင်းသား ကျောင်းသူများက တယော စွမ်းရည်ဖြင့် လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိက ကျောင်းများ ကိုယ်စား ILBC မှ ကျောင်းသား ကျောင်းသူများက “ကမ္ဘာမြေ ငြိမ်းချမ်းပါစေ”သီချင်းနှင့် “Rhythm of the Rain” ဖြင့် သံစုံဖျော်ဖြေမှုဖြင့် လည်းကောင်း  ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း  (စိန့်ပေါလ်ကျောင်း) အတွက် Technoland Computer Trading Co., Ltd. မန်နေးဂျင်းဒါရိုက်တာ ဦးမြတ်စိုးဝင်းက Dell ကွန်ပျူတာငါးစုံကို လည်းကောင်း၊ Client Focus Technology Group Co., Ltd ဒါရိုက်တာ ဦးအောင်ကျော်မိုးက သင်ထောက်ကူ ပစ္စည်းများကို လည်းကောင်း ပေးအပ် လှူဒါန်းကြရာ ကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်ထွန်းက လက်ခံသည်။
ကလေးစာပေပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက် မွေ့လျော်ကာ ရာသက်ပန် ပညာ ရှာမှီးသူများ ဖြစ်လာစေရန် ၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ၀ိုင်းဝန်း ပါဝင် တတ်သည့် အလေ့အထကောင်းများ ရရှိလာ စေရန် ၊ ပညာ ဗဟုသုတရော၊ လူရည် လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များနှင့် အညီ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးစာပေ ပွဲတော်တွင် ကလေးစာပေများစွာ ရေးသားခဲ့သည့် ဆရာကြီး မင်းသုဝဏ်၏ စာပေလက်ရာများ၊ မှတ်တမ်း ဓာတ်ပုံများနှင့် ကလေးစာအုပ်ပြခန်း၊ 3D ပြခန်း၊ ကလေးစာဖတ်ခန်း၊ နည်းပညာ မိတ်ဆက်ပြခန်း၊ ရန်ကုန် တိုင်းဒေသကြီး အခြေခံပညာ ကျောင်းများမှ စုပေါင်း၍ ခင်းကျင်း ပြသထားသည့် သိပ္ပံလက်တွေ့ပြခန်း၊ အိမ်တွင်းမှုပြခန်း၊ တီထွင် ဆန်းသစ်မှု ပြခန်း၊ ပညာပေးပြခန်း၊ လက်မှုပညာပြခန်း၊ ပန်းအလှနှင့် ခြင်းထိုး လုပ်ငန်းပြခန်း၊ ဖန်စီဖြင့် အလှဆင်ခြင်း ပြခန်း၊ ဒေသ ထွက်ကုန် ပစ္စည်းများပြခန်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ပြခန်း၊ ရေအား လျှပ်စစ် ထုတ်လုပ်ပုံပြခန်း၊ ရူပဗေဒပြခန်း၊ ကိုယ်ပိုင်ကျောင်းများမှ ခင်းကျင်း ပြသသည့် သိပ္ပံလက်တွေ့ ပြခန်းများနှင့် သင်ထောက်ကူ ပစ္စည်းများပြခန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မိုဘိုင်းပြခန်းများကို စုံလင်စွာ ခင်းကျင်း ပြသထားသည်။
ထို့အပြင် ပွဲတော်လာ ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး အတွက်  Happy World ကစားကွင်းများ၊ ကာတွန်း ပုံတူရေးဆွဲခြင်း၊ ကာတွန်း ရုပ်များနှင့် 3D ကားချပ်များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရေး အစီအစဉ်များ၊ ဂိမ်းကစားနည်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စက္ကူခေါက် ပြိုင်ပွဲများ၊ မျက်လှည့်နှင့် ရုပ်သေးအက၊ အထက(၆) ဗိုလ်တထောင် ကျောင်းသား များ၏ ဆိုင်းဝိုင်းနှင့် ကျောက်ဆည်မြို့မှ ဆင်အကနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတများ အပါအ၀င် ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ရန်ကုန်)ကို ယနေ့မှ ဇန်န၀ါရီ (၈)ရက်အထိ သုံးရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည် ဖြစ်ရာ မည်သူမဆို လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

No comments:

Post a Comment