Thursday, January 25, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက် အမှာစကား ပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀န်ကြီးဌာန အောက်ရှိ ဌာနများမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ဦးစီးအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၀န်ကြီးဌာန အောက်ရှိ ဌာနများအနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲများကြားမှ မိမိတို့ဌာနအလိုက် တန်ဖိုးရှိအောင်၊ အသုံးဝင်အောင် ကြိုးစား ဆောင်ရွက်ရန် လိုအပ်မှု၊ ခေတ်နှင့် လျှော်ညီစွာ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်မှု၊ ဖွံ့ဖြိုး တိုးတက်နေသည့် နည်းပညာများနှင့် ကိုက်ညီအောင် ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်မှုများကို ဆွေးနွေး ပြောကြားသည်။     
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် မိမိတို့ရုံးများကို လူထုအခြေပြု ဗဟိုဌာန (Community Centre) များအဖြစ် ပြောင်းလဲ ဆောင်ရွက်နေမှု၊ ကလေးစာပေ ပွဲတော်များကို ကျင်းပနိုင်ခဲ့မှုနှင့် ဆက်လက် ကျင်းပရန် လျာထား ဆောင်ရွက်နေမှု၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်ကို ရန်ကုန် တက္ကသိုလ်တွင် ကျင်းပပေးနိုင်ခဲ့မှုနှင့် မန္တလေး တက္ကသိုလ်တွင် အလားတူ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု၊ ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲများ ကျင်းပနေမှု၊ တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အသုံးအဆောင် ပစ္စည်းများအပြင် ဒေသအလိုက် ထွက်ကုန်၊ ထုတ်ကုန်များ သမိုင်းဝင် ပစ္စည်းများ စသည်တို့ကို စုဆောင်း၍ ရုံးစာကြည့်တိုက်များ အတွင်း ပြတိုက်ငယ်များ အဖြစ် ပြသရန် ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လူမျိုးစု စာပေ၊ စာတမ်းဖတ်ပွဲ၊ စာပေ ယဉ်ကျေးမှု အမွေအနှစ် ပြပွဲများကို ကရင်ပြည်နယ် ဘားအံမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပနိုင်ရန် သက်ဆိုင်ရာ ပြည်နယ် အစိုးရများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်နေမှု တို့ကို အကျယ်တ၀င့် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ခရိုင်အဆင့်လူထု အခြေပြုဗဟိုဌာနများ၏ လှုပ်ရှား ဆောင်ရွက်မှု အကောင်းဆုံး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက မြို့နယ်အဆင့် လူထုအခြေပြု ဗဟိုဌာနများ၏ လှုပ်ရှား ဆောင်ရွက်မှု အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ချီးမြှင့်သည့် အခြားကိစ္စရပ်များ ဆိုင်ရာ ထူးချွန်ဆု ရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်း ထူးချွန်ဆုနှင့် စာပေဆိုင်ရာ ထူးချွန်ဆုရ ၀န်ထမ်းများအတွက် ဆုများနှင့် ၀န်ထမ်းများအတွက် တူညီဝတ်စုံများကို    ပေးအပ်သည်။
ယင်းနောက် လူထုအခြေပြု ဗဟိုဌာနများနှင့် ပတ်သက်သည့် Documentary Video Clip ကို ပြသသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ဦးစီးအရာရှိများနှင့် တွေ့ဆုံပြီး ကလေးစာဖတ်ခန်း အပါအ၀င် ခေတ်မီ စာကြည့်တိုက်၊ ပြတိုက်ငယ်၊ ကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဆွေးနွေးပွဲနှင့် အားကစား လှုပ်ရှားမှု စသည့် ဘက်စုံအကြောင်းအရာများ ပါဝင်သည့် လူထုအခြေပြု ဗဟိုဌာနများအဖြစ်  အကောင် အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များ၊ စာပေ စိတ်ဝင်စားသူများ ပါဝင်သည့်  စာဖတ်ဝိုင်း (Book Club )များ ဖွဲ့စည်း၍   Book Review  သုံးသပ် ဆွေးနွေးပွဲ ပြုလုပ်ရန်များ ၊ ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရန်၊ တိုင်းရင်းသား လူမျိုးစုစာပေ၊ စာတမ်းဖတ်ပွဲနှင့် စာပေရိုးရာ ယဉ်ကျေးမှု ပစ္စည်းပြပွဲများ ကျင်းပ ဆောင်ရွက်ရန်နှင့် ပတ်သက်၍  ဆွေးနွေး မှာကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment