Thursday, January 25, 2018

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် ခရီးစဉ်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း၏ ရှေ့မှောက်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခံရသည့် ဦးဟန်ဇော်က ကတိသစ္စာပြုသည်။
ထို့နောက် လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း က လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ချေးငွေယူရို ၅ သန်း ချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း က ပြည်တွင်းရှိ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ဖက်စပ်ထုတ်လုပ်သည့် J & M Steel ကုမ္ပဏီမှ ထုတ်လုပ်သော သံပေါင် များဖြင့် တည်ဆောက်ထားသည့် ဟုမ္မလင်းတံတားတွင် သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ငွေ ကျပ် ၄ ဒသမ ၃၆ သန်း၊ ဂျပန်နည်းပညာဖြင့် တည်ဆောက်ဖွင့်လှစ်သည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း)၏ သံပေါင် ဈေးနှုန်းမှာ တစ်ပေလျှင် ငွေကျပ် ၄ ဒသမ ၁၆ သန်း ခန့် ကုန်ကျခဲ့ပါကြောင်း၊ ယခု သြစတြီးယား နည်းပညာဖြင့် တည်ဆောက်မည့် ကင်းချောင်းတံတား ၏ သံပေါင်ဈေးနှုန်းမှာ တစ်ပေလျှင် ငွေကျပ် ၅ ဒသမ ၄၅ သန်းရှိ၍ ဖော်ပြပါတန်ဖိုးများနှင့်  နှိုင်းယှဉ်ကြည့်ပါက ၂၅ ရာခိုင်နှုန်းခန့် ပိုမိုသည်ကို တွေ့ရပါကြောင်း။
သို့ရာတွင် ဥရောပနိုင်ငံမှ ထုတ်လုပ်သော သံပေါင်များသည် သံမဏိ အရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ တစ်ပေတွင်ရှိရမည့် သံပေါင်အလေးချိန် ပိုများခြင်း ဒီဇိုင်းအရ ပိုမိုကောင်း မွန်ခြင်း တို့ကို တွေ့ရှိရပါကြောင်း၊ သံပေါင်တွင် သုံးစွဲထားသော သုတ်ဆေးများသည် ဥရောပ စံချိန်စံညွှန်းဖြင့် ဆောင်ရွက်ထားသည့်အတွက် အာရှနိုင်ငံထုတ် သံပေါင်များထက် သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ပါကြောင်း။
ရခိုင်ပြည်နယ် မောင်တောမြို့အနီးတွင် ၁၉၂၀ ခုနှစ်က တည်ဆောက်ခဲ့သော ပန်းတော် ပြင်တံတားသည် ဥရောပသံပေါင်များကို အသုံးပြုထားပြီး ယနေ့အထိ အသုံးပြုနိုင်သည့်အတွက် Life Cycle Cost အရ တွက်ကြည့်ပါက ပိုမိုတွက်ခြေကိုက်သည်ကို တွေ့ရပါ ကြောင်း၊ လက်ရှိ ငွေလဲလှယ်မှုနှုန်းထားနှင့် တွက်ချက်မှုအရ အာရှဒေသရှိ သံပေါင် ဈေးနှုန်းများ ထက် မြင့်မားသော်လည်း ထိန်းသိမ်းစရိတ်နည်းပါးပြီး ရေရှည်အသုံးပြုနိုင်သည့် ဥရောပ နည်းပညာ သုံး သံပေါင်များကို အသုံးပြုခြင်းဖြင့် ဥရောပ သံပေါင်တပ်ဆင်မှု နည်းပညာအား မြန်မာအင်ဂျင် နီယာများက ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကင်းချောင်းတံတားသည် ပင်လယ်ဝ၌ တည်ရှိပြီး ဆားငံရည်နှင့် အမြဲထိတွေ့နေသော နေရာဖြစ်သည့်အတွက်  တာရှည်ခံပြီး သဘာဝရာသီဥတု ဒဏ်ခံနိုင်သော သံမဏိသားနှင့် စံချိန်စံညွှန်း ပိုမိုကောင်းမွန်သော သုတ်ဆေးကို အသုံးပြုသည့် ဥရောပနိုင်ငံထုတ် သံပေါင်ကို အသုံးပြုလိုခြင်းဖြစ်ပါကြောင်း။
တံတားများကို ဌာနအဖွဲ့များနှင့် တည်ဆောက်သည့်နေရာတွင် ဘိလပ်မြေ၊ ကျောက်၊ သဲ၊ သစ် စသည်တို့ကို လုပ်ငန်းခွင်၌ တင်ဒါ ခေါ်ယူဆောင်ရွက်ပြီး အရေးကြီးသည့် Reinforcing Bar များကို ရုံးချုပ်မှ စံချိန်စံညွှန်းများ သတ်မှတ်စိစစ်ပြီး တင်ဒါခေါ်ယူ၍ ဖြန့်ဝေ ပေးခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်း တံတားတည်ဆောက်ရာတွင် ဒေသအလိုက် တစ်ပေဈေးနှုန်း ကွာခြားမှုအား ဆွေးနွေးကြသည်ကို တွေ့ရပါကြောင်း၊ တံတား၏ တစ်ပေစံနှုန်းများသည် တည်ဆောက်သည့် နယ်မြေအခြေအနေ သာမက မြေအမျိုးအစား အပေါ်မူတည်ပြီး Foundation Depth အနည်းအများ၊ တံတားအမြင့်နှင့် Span Length များအပေါ် မူတည်ပြီး ကွာခြားမှု ရှိပါကြောင်း၊ တံတားဒီဇိုင်း အပေါ်မူတည်ပြီး ဒေသတစ်ခုထဲတွင် တံတား၏ စံနှုန်း သည် ကွဲပြားနိုင်ပါကြောင်း၊ Span Length ရှည်သည်နှင့်အမျှ တံတားတန်ဖိုး များပြားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းဖော်ပြ သွားမည်ဖြစ်ပါကြောင်း ပြန် လည်ရှင်းလင်း ဆွေးနွေးသည်။
ချေးငွေယူရို ၅ သန်း ချေးယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တိရစ္ဆာန် ကျန်းမာရေးနှင့် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ရောဂါများကာကွယ်နိုင်ရန် ပူးပေါင်းဆောင် ရွက်ရေး ဗဟိုဌာနထူထောင်ရေး သဘောတူညီချက်အား အတည်ပြုပါဝင်ရန်နှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာနော်ခရစ္စထွန်း၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ရှားမီး၊ ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်နှင့် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း တို့က ထောက်ခံအကြံပြု ဆွေးနွေးကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အာဆီယံဒေသ တွင်းရှိ တိရစ္ဆာန်များ၏ ကျန်းမာရေး၊ တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ရောဂါကာကွယ်ရေး အတွက် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ်လိုအပ်ပါကြောင်း၊ လူတွင် ဖြစ်သည့် ရောဂါ ၆၀ ရာခိုင်နှုန်းကျော်သည် တိရစ္ဆာန်များမှ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တိရစ္ဆာန် ကျန်းမာရေး၊ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော ရောဂါများ ကာကွယ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့ကြီး (OIE) တို့ မှ ချမှတ်ထားသော Guide Line များကို အခြေခံပြီး တိရစ္ဆာန်ကျန်းမာရေး၊ လူထု ကျန်းမာရေး၊ စီးပွားရေး စသည်တို့ကို ရေရှည်တိုးတက် မြင့်မားအောင် မူဝါဒများချမှတ်ရန်လိုအပ်ပါကြောင်း။
တိရစ္ဆာန်တို့၏ ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာ သည့် တိရစ္ဆာန် အသားများနှင့် ဥများကို သေချာစစ်ဆေးပြီး တရားမ၀င်သည်များကို အရေး ယူရန် လိုအပ်သကဲ့သို့ ကာကွယ်ကုသဆေးများ လုံလောက်စွာဖြန့်ဖြူးရန်   ညှိနှိုင်း အကူအညီပေးရမည် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာပညာရှင်များ ဖိတ်ကြားပြီး လူထုပညာပေး လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်သင့်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်တားဆီးရေးလုပ်ငန်းများသည့် အဂတိတရားများ ကင်းရှင်းမှသာ ယခု လုပ်ငန်းစဉ်သည် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၁၈) နှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် တို့က ထောက်ခံအကြံပြု ဆွေးနွေးကြသည်။
ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က ပြည်တွင်းချေးငွေများအတွက် ယခင်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကိုသာ အားထားခဲ့ရပြီး ယခုအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပြင် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ဈေးပြိုင်လေလံစနစ်နှင့် ရောင်းချ ခြင်းဖြင့် ဘတ်ဂျတ်လိုငွေများ ဖြည့်ဆည်းနေသည်ကို တွေ့ရှိရပါကြောင်း။
ယခုကဲ့သို့ ဘတ်ဂျတ် လိုငွေဖြည့်ဆည်းရန် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ် လေလံတင် ရောင်းချခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖော်ဆောင်နေသည့် ဈေးကွက် က ပြဋ္ဌာန်းသည့် အတိုးနှုန်းဖြစ်ပေါ်ရန် အထောက်အကူဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်၌ လာရောက်အပ်နှံငွေများအတွက် ၈ ရာခိုင်နှုန်းထက် မနည်းသော ဘဏ်ထုတ်ချေးငွေများအတွက် ၁၃ ရာခိုင်နှုန်းထက် မပိုသော အတိုးနှုန်းများဖြင့် ထုတ်ချေးရန် သတ်မှတ်ထားသည့်အတွက် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချရသည့် ကူပွန်နှုန်းသည် အစီရင်ခံစာအရ အစိုးရငွေတိုက်စာချုပ်များအတွက် ကူပွန်နှုန်း ၉ ရာခိုင်နှုန်း၊ ၉ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်းတို့ အထိ အတိုးနှုန်းမြင့်မား နေခြင်း ဖြစ်ပါကြောင်း။
ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဘဏ်တိုးနှုန်းများ လျော့ချပေးရမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တွင်အပ်နှံသည့် အတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဘဏ်မှ ချေးယူငွေများအတွက် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းသို့ လည်းကောင်း ပြောင်းလဲသတ်မှတ်ပေးပါက ဘဏ်၌ ငွေစုသူများအား မထိခိုက်ဘဲ နိုင်ငံတော်၏ အတိုးနှုန်း ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့ အတိုးနှုန်းအား ၈ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း အစား ၇ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခြင်းဖြင့် လက်ရှိရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေး တုံ့ဆိုင်း နေခြင်းကို တစ်ဖက်တစ်လမ်းက ကုစားပေးနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများ၏ မတည် ရင်းနှီးမှုအတွက် ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မည့်ဖြစ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါ ကြောင်း အကြံပြုဆွေးနွေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment