Monday, January 22, 2018

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် အသိပေး ရှင်းလင်း

မုံရွာ ဇန်နဝါရီ ၂၂
၂ဝ၁၈ ခုနှစ်၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း တိုင်းဒေသကြီး အဆင့် အသိပေး ရှင်းလင်းပွဲကို ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေး ဝန်ကြီး ဒေါက်တာ ဇော်ဝင်း တက်ရောက်ခဲ့ကြောင်းသိရသည်။

၂ဝ၁၈ ခုနှစ်၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း တိုင်းဒေသကြီး အဆင့် အသိပေးရှင်းလင်းပွဲတွင် လူမှုရေးဝန်ကြီးက '' ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ(၁၁) နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် (၉)နိုင်ငံသည် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိပြီး ပြည်သူ့လူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း(၄၅)ခရိုင်ရှိပါကြောင်း၊ လူအားလုံးဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့်(၅) နှစ် ဆက်တိုက် အနည်းဆုံးတိုက်ကျွေးမှာဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်အတွက် ဆေးတိုက်ကျွေးခြင်းကို (၂ဝ၁၇) ခုနှစ် ဇန်နဝါရီလ (၂ဝ)ရက်နေ့မှ (၂၉)ရက်နေ့အထိ ခရိုင်ပေါင်း (၃၄)ခရိုင် ရှိ မြို့နယ်(၂ဝ၃)မြို့နယ်ရှိလူဦးရေ (၃၄.၁)သန်းကို တိုက်ကျွေးခဲ့ပါကြောင်း၊ ယခုနှစ်လူအားလုံးဆေးတိုက်ကျွေး ခြင်းလုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်များရေးဆွဲပြီး လူဦးရေစာရင်းကောက်ယူခြင်း၊ လိုအပ်သော ဆေးဝါး များမှာယူခြင်း၊ မြို့နယ်များသို့ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များ၊ ဆေးတိုက် လမ်းညွှန်များကို ဖြန့်ဝေပေးခြင်း၊ ဆေးတိုက်အဖွဲ့ဝင်များကို ပြည်သူလူထုမှ လက်ခံနိုင်သောသူများဖြင့် ကြိုတင်ဖွဲ့စည်းထားပြီး ဆေးတိုက်ခြင်းနှင့် ပတ်သက်သည့် သင်တန်းများပို့ချပေးပြီး မလိုလားအပ်သည့် ဆေး၏ဆိုးကျိုးများကို လျော့နည်းစေနိုင်မှာ ဖြစ်ပါကြောင်း'' ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
၂ဝ၁၈ ခုနှစ်၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး၊ မြို့နယ်များအတွင်း အိမ်ခြေ(၅ဝ)လျှင် ဆေးတိုက်ကျွေးအဖွဲ့ (၁)ဖွဲ့နှုန်းဖြင့် ဇန်နဝါရီ လ (၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေ့စဉ်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ၂ဝ၁၈ခုနှစ်၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း တိုင်းဒေသကြီး အဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment