Monday, January 22, 2018

သဘာဝဘေးဒဏ်သင့်ဒေသများတွင် အသုံးပြုနိုင်သည့် ရှာတာ(ယာယီတဲ)များ တပ်ဆင်နည်း လက်တွေ့လေ့ကျင့်

မုံရွာ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးဒဏ်သင့် ဒေသများတွင်အသုံးပြုနိုင်သည့် ရှာတာ(ယာယီတဲ)များကို လက်တွေ့တပ်ဆင်ခြင်းကို ဇန်နဝါရီလ (၂၁)ရက် နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးမင်းစမ်းအေးဦးစီးပြီး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာတာ(ယာယီတဲ)များသည် အလျား(၉ဝ)ပေ၊ အနံ(၁၅)ပေရှိပြီး သဘာဝဘေးဒဏ်သင့် ဒေသများတွင် ဆေးပေးခန်း၊ ယာယီဆေးကုသဆောင်၊ စာသင်ခန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခန်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရာတွင် အသုံးပြုနိုင်ကြောင်း သိရသည်။
'' သဘာဝဘေး ဖြစ်တဲ့ဒေသတွေမှာ အသုံးပြုတဲ့အခါမှာ အလွယ်တကူ တပ်ဆင်နိုင်ဖို့အတွက်ကို အခုကတော့ ရှာတာ တပ်ဆင်နည်းတွေကို လက်တွေ့လုပ်ဆောင်နေတာပါ၊ အခုလိုရှာတာတွေ ရှိခြင်းအားဖြင့် သဘာဝဘေး ဖြစ်တဲ့ဒေသတွေမှာ အလွန်အသုံးဝင်တယ်၊ လူတွေနေဖို့အတွက် ယာယီအိမ်တွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်အဆင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတွေမှာ ဖြန့်ခွဲထားပြီးပါပြီး သဘာဝဘေးဖြစ်တဲ့ အချိန်တွေ မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးကပြောသည်။
အဆိုပါ သဘာဝဘေးဒဏ်သင့် ဒေသများတွင်အသုံးပြုနိုင်သည့် ရှာတာ(ယာယီတဲ)များကို မုံရွာမြို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် (၂)လုံးနှင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနတွင် (၂)လုံး ဖြန့်ခွဲထားရှိပြီး သဘာဝဘေးဒဏ်သင့် ဒေသများ တွင် အလွယ်တကူအသုံးပြုနိုင်ရန် တပ်ဆင်နည်းများ လေ့ကျင့်ခြင်း ဖြစ်ကြောင်းသိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment