Wednesday, January 17, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၇ 

“နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန် စွာတာဝန် ထမ်းဆောင်သူများမှ သင့်လျော်သော ဝန်ထမ်းအရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင် များ၊ အပန်းဖြေလေ့လာရေး ခရီးများ၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့်လုပ်ငန်း စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို ပြည်သူ့လွှတ်တော်၌ လက်ခံ ဆွေးနွေးရန် ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ် လိုက်သည်။


အဆိုကို ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်းက တင်သွင်းခဲ့ပြီး အဆိုတင် သွင်းစဉ် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ သင့်တင့်လျောက်ပတ်သော အခွင့်အရေးများပေး အပ်ပြီး နိုင်ငံ့ဝန်ထမ်း များ၏ ယနေ့အချိန်ကာလ လက်တွေ့ဘ၀တွင်ရရှိ သည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များ များစွာလိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ အခြေခံစားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းများနှင့် ကုန်ကျ စရိတ်များ မြင့်တက်လာသော်လည်း လစာနှင့်အခြား ပံ့ပိုးငွေများမှာ နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ တိုးမြှင့်ပေးနိုင်မှု မရှိသေးပါကြောင်း။

ဘတ်ဂျက်ခွင့်ပြု အခြေအနေအရ ခွင့်ပြုခန့်ထားသည့် ၀န်ထမ်းဦးရေ နည်းပါးပြီး ထမ်းရွက် တာဝန်ယူရသည့် အလုပ်တာဝန်များ များပြားလာခြင်း၊ မနိုင်ဝန်ထမ်း နေရခြင်း၊ အလုပ်တွင် မပျော်ခြင်း၊ လုပ်ငန်းစွမ်းဆောင် ရည်ကျဆင်းခြင်း၊ အလုပ်မှ နုတ်ထွက်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အခြေအနေအထိ ဖြစ်လာပါကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

အဆိုနှင့်စပ်လျဉ်းပြီး ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ထောက်ခံ ဆွေးနွေးရာတွင် လစာထက်အဆပေါင်းများစွာ ပိုနေသော ပိုင်ဆိုင်မှုများရှိနေသည့် အမှုထမ်း၊ အရာထမ်းများကို လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အဂတိ လိုက်စားမှုကင်းအောင် စုံစမ်းစစ်ဆေး အရေးယူပေးနိုင်သည့် ယန္တရားတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ အဆိုရှင်တင်ပြမှုသည် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန် အရေးပါလှသကဲ့သို့ နိုင်ငံတော်တည် ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး ကာလတွင် အရေးတကြီးဆောင်ရွက်ရ မည့် အရာဖြစ်သည့်အတွက် ထောက်ခံရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားသည်။

ယနေ့အစည်းအဝေးတွင် မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၏ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန အန္တရာယ်ရှိ အဆောက်အဦအား ဖျက်သိမ်း၍ အဆောက်အဦသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်အောင်မြို့ နယ်တိုင်းရင်းဆေးကုဌာန အန္တရာယ်ရှိ အဆောက်အဦအားဖျက်သိမ်း၍ အဆောက် အဦသစ် ဆောက်လုပ်ပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာ ထားပေး သွားမည်ဖြစ်ပါကြောင်း၊ အန္တရာယ်မရှိစေရန် အတွက် ပြင်ထိန်းစရိတ်ဖြင့် အတတ်နိုင် ဆုံး ပြင်ဆင်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၏ ပြည်ထောင်စုအစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှုများတွင် ပြည်သူလူထု ပိုမိုအားထားလာသော မျက်စိ အထူးကုဆေးရုံကြီး(YANGON EYE HOSPITAL) အား အဆင့်တိုးမြှင့် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုးချဲ့ခွဲစိတ် ခန်းနှင့် ပြင်ပလူနာ ဌာနအသစ် ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ လိုအပ်ချက်များအား ဖြေရှင်းပေးနိုင်ရန်အတွက် ဗဟိုနှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းကာ အသေးစိတ် ပြန်လည် လေ့လာသွားမည်ဖြစ်ပါကြောင်း၊ လေ့လာတွေ့ ရှိချက်အရ လိုအပ်လျှင် လိုအပ်သည့်အတိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးလက် ကျန်းမာရေး ဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရင်ပေါင်တိုင် ကျေးလက် ကျန်းမာရေး ဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ဖွင့်လှစ်ပေးရန် သင့်လျော်မှု မရှိသေးပါ ကြောင်း၊ လစ်လပ်လျက်ရှိသော သားဖွားဆရာများအတွက် ယခုဇန်န၀ါရီ၊ ဖေဖော်ဝါရီ လတွင်ခန့်အပ်မည့် သားဖွားဆရာမ ၁၀၄၆ ဦးထဲမှ ဦးစားပေး ခန့်ထားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်း ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့နယ် ဘန်းယဉ်တိုက် နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ လယ်ဝေး မြို့နယ်ပိုင် အားကစားကွင်းသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်ပေးမည် နှင့် အားကစားသမားများ လေ့ကျင့်ခန်းဆင်းခြင်း၊ ဘောလုံးကစားခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနပိုင် လေ့ကျင့်ရေးကွင်းတွင် အခမဲ့ကစားခွင့် ပြု/မပြု သိလိုကြောင်းမေးခွန်းနှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ် အမှတ်(၆) ရပ်ကွက် ယခင်အောင်မြေသာယာ ဘောလုံးကွင်းအား မြို့နယ်အဆင့် ဘောလုံးအားကစားကွင်း အဖြစ်သတ်မှတ်ပေးပြီး အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့ကိုလည်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”ကို လွှတ်တော်သို့တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ကော်မတီ၏ စိစစ်တွေ့ရှိမှု အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ကျော်သူထက်

No comments:

Post a Comment