ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက
ကြီးမှူး၍ သာသနာတော်နှစ် ၂၅၆၁ ခုနှစ် ရွှေတိဂုံ စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်
မဟာမင်္ဂလာ နှင့် ပင့်သံဃာတော်အပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းမင်္ဂလာ အခမ်းအနားကို
ယနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ကျင်းပသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး
ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ပတ္တမြားဗိမာန်တော်နေရာ၌
နံနက် ၆ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့
တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် မင်္ဂလာမုခ်ဦးတော်ကြီးကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလ၊ နိုင်ငံတော်သမ္မတ
ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊
ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံတို့က ဖဲကြိုးဖြတ်ပြီး စက်ခလုတ်နှိပ်၍
ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ရွှေတိဂုံရင်ပြင်တော်
အနောက်မြောက်ထောင့်အရပ်ရှိ အောင်မြေအရပ်၌ကျင်းပရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ
မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့အမှူးပြုသော
ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်
ချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်
တိုင်းမှူးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် သီတဂူ ဆရာတော်ကြီးအမှူးပြုသော
သံဃာတော် အရှင်သူမြတ် ၄၅ ပါးတို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ရွှေတိဂုံစေတီတော်မြတ်ကြီး
အတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် အလှူရှင်များက
ရွှေထည်၊ ငွေထည်နှင့် အလှူငွေများကို လှူဒါန်းကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဇေယျာ လူမှုထူးချွန်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး
စေတမန်ဆုများရှင် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ က အခမ်းအနားနှင့်စပ်လျဉ်းပြီး မပြည့်စုံမှု၊ မှားယွင်းမှုများရှိပါက
ခွင့်လွှတ်သည်းခံတော်မူပါရန် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား တောင်းပန်လျှောက်ထားသည်။
ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊
အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ သီတဂူဆရာတော်
ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရားနာကြား၍
လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအမှူးပြုသော
ထေရ်ကြီး ၀ါကြီး သက်တော်ရှည် ဆရာတော်ကြီးများ၊ နိုင်ငံတော်အဆင့် သံဃာ့ဥသျှောင် ဆရာတော်ကြီးများ
၊ ဂိုဏ်းပေါင်းစုံသံဃာ့ အဖွဲ့အစည်း အသီးသီးမှ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံများမှ ဆရာတော်ကြီများအပါအ၀င် သံဃာအပါး ၁၈၀၀၀
တို့က ဥဒါန်းပါဠိတော် လာနည်းအတိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား
ဗုဒ္ဓါ ဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းတော်မူကြပြီး မင်္ဂလသုတ်၊ မေတ္တသုတ်ပရိတ်တော်များကို
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ် ရွတ်ဆို၍
ရုပ်သိမ်းလိုက်သည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော် ၁၈၀၀၀ အပါးတို့အား နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက
နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ သည်။
မွန်းလွဲပိုင်းတွင် ပင့်သံဃာတော်အပါး ၁၈၀၀၀ တို့အား ဆွမ်းဆန်စိမ်း
လောင်းလှူခြင်းမင်္ဂလာအခမ်းအနားကို ရွှေတိဂုံစေတီတော် မုခ်လေးမုခ်တို့ရှိ မင်္ဂလာ မဏ္ဍပ်တို့၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက အရှေ့ဘက်
မုခ်ရှိ မင်္ဂလာ မဏ္ဍပ်သို့ ကြွရောက်တော်မူလာကြသည့်
ပင့်သံဃာတော်အပါး ၄၅၀၀ ၊ တောင်ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော်မူလာကြသည့်
ပင့်သံဃာတော် အပါး ၄၅၀၀ ၊ မြောက်ဘက်မုခ်ရှိ
မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော် မူလာကြသည့် ပင့်သံဃာတော် အပါး ၄၅၀၀ နှင့် အနောက်ဘက်မုခ် ရှိ မင်္ဂလာမဏ္ဍပ်သို့ ကြွရောက်တော်မူ
လာကြသည့် ပင့်သံဃာတော်အပါး ၄၅၀၀ ၊ စုစုပေါင်း
ပင့်သံဃာတော် အပါး ၁၈၀၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများကို
လောင်းလှူကြ သည်။
(သတင်းစဉ်)
No comments:
Post a Comment