Thursday, January 25, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သမ္မတနိုင်ငံသို့ ထွက်ခွာ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂၅၊ ၂၆ ရက်တွင် ကျင်းပမည့် အာဆီယံ- အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ သွားသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇန်န၀ါရီ ၂၅ ရက်တွင် အာဆီယံ- အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး၏ သီးသန့် အစည်းအဝေးနှင့် မျက်နှာစုံညီ အစည်းအဝေးများနှင့် ဇန်န၀ါရီ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အခြား အာဆီယံနိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များနှင့် အတူ တက်ရောက်ကြမည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် လိုက်ပါသွားပြီး မြန်မာကိုယ်စားလှယ် အဖွဲ့အား နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန် ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြရာ အိန္ဒိယသမ္မတနိုင်ငံမှ Minister of State for Health and Family Welfare Mrs. Anupriya Patel, Jonint Secretary BM Division Ministry of External Affairs Mrs. Sripriya Ranganathan၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် တာဝန်ရှိသူများက နယူးဒေလီမြို့ Palam လေတပ်စခန်း လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Hotel ITC Maurya သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment