ဧရာဝတီတိုင်းဒေသကြီး၊
ဇလွန်မြို့နယ်၊ နန်းတော်ကျွန်း ကျေးရွာ၊ နန်းတော်ဦး ဘိုးဘွား ရိပ်သာ၌ တည်ထား ကိုးကွယ်သည့်
နန်းတော်ဦး စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ် နားတော်၊ စိန်ဖူးတော် အထွတ်တင်လှူ
ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပရာ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက် ပူဇော်သည်။
အဆိုပါ
ပူဇော်ပွဲသို့ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး
စည်ပင် သာယာရေးနှင့် သာသနာရေး ဝန်ကြီး ဦးကျော်မြင့်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
တက်ရောက် လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်
တို့အား ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်
ဘုံအဆင့်ဆင့်တို့အား စေတီအထွတ်တွင် တင်လှူပူဇော်ကာ
အမွှေးနံ့သာရေ ပက်ဖျန်း ပူဇော်သည်။
ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌသည် ယမန်နေ့ ညနေပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ ရှေးဟောင်း သမိုင်းဝင်
ဆုတောင်းပြည့် ကျိုက္ကလွန်ပွန်း စေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုပြီး
ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်ကာ စေတီတော်ကြီး၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်
ရေးထိုးသည်။ ယင်းနောက် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ဆပ်သွားဖူးတော် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်
အတွက် အလှူငွေများ ပေးအပ်လှူ ဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး မှတ်တမ်းတင်
ဂုဏ်ပြုလွှာ ပြန်လည်ပေး အပ်သည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးသို့
ရောက်ရှိဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ
ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုး၍ ဘုရားကြီး၏ ဂန္ဓကုဋီတိုက် အတွင်း ရွှေသား
မျက်နှာကျက်တော် ကပ်လှူရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက
လက်ခံရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်သည်။
(သတင်းစဉ်)
No comments:
Post a Comment