Tuesday, January 2, 2018

မြေနီတောင် စေတီတော်ကြီး ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

လယ်ဝေးမြို့နယ် နေပြည်တော် လေဆိပ်အနီး တည်ထား ကိုးကွယ်သော မြေနီတောင် စေတီတော်ကြီး ရွှေထီးတော် တင်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အမှူးပြုသော ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အေလာမြို့၊ မြို့သစ်ဓမ္မရက္ခိတ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ၈ ပါးသီလခံယူ ဆောက်တည်ကြပြီး မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် တာဝန်ရှိသူများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်း များအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် အေလာမြို့၊ ဂိုဏ်းထောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ ထံမှ အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် သုံးကြိမ် လှည့်လည် ပူဇော်ကြသည်။
ဆက်လက်၍ ရွှေထီးတော် ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ ပင့်ဆောင် တင်လှူပူဇော်ကြသည်။
ထို့နောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment