Sunday, December 31, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် Myanmar International Radio အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် Skynet ၀င်းအတွင်းရှိ Myanmar International Radio အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ရွှေသံလွင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကျော်ဝင်းက   “Myanmar International Radio က နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်အောင် ဆောင်ရွက်နေပါတယ်၊ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး၊ ငြိမ်းချမ်းရေးအကျိုးတွေကို ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် Myanmar International Radio မန်နေးဂျင်းဒါရိုက်တာ ဒေါ်နွဲ့ကြိုင်ကြိုင်က ထုတ်လွှင့်မည့် ပရိုဂရမ်များနှင့် ရွှေသံလွင်မီဒီယာ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်) က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Myanmar International Radio အသံထုတ်လွှင့်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိ မှုများ၊ တိုက်ရိုက် (Live) တင်ဆက်ရန် အခန်း၊ ရိုက်ကူးရေးအခန်း၊ ပင်မထိန်းသိမ်းရေး အခန်းများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
Myanmar International Radio သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၆ ရက်မှ စတင်ကာ အင်္ဂလိပ်ဘာသာဖြင့် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်မည့် FM ရေဒီယို အစီအစဉ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ သတင်းအမှန်များကို ကမ္ဘာကသိရှိရန်၊ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန်နှင့် မြန်မာနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အစီအစဉ် များကို ထုတ်လွှင့်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်  96.1 MHz၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် 96.5 MHz နှင့် နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် 96.7 MHz တို့မှ ဖမ်းယူနားဆင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အင်တာနက် မှလည်းကောင်း၊ မိုဘိုင်းဖုန်းများမှလည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း  သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment