Thursday, December 21, 2017

ပန်းဘဲတန်းမြို့နယ် Junction City Office Tower (၇)ထပ်၌ ကျောက်မျက်ပညာသိပ္ပံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ



သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း (၆)မိုင်ခွဲ၊ အင်းလျှားကန်ဘေးရှိ International Business Center (IBC) ၌ ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ဗဟိုဌာန ကုမ္ပဏီလီမိတက်၏ (၂၃) ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ IBC ဒါရိုက်တာအဖွဲ့ဝင်များမှ နှစ်ပတ်လည် အစီရင်ခံစာအား တင်သွင်းခြင်းနှင့် အတည်ပြုခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ စာရင်းရှင်းတမ်းနှင့် စာရင်းစစ် အစီရင်ခံစာအပေါ် ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် စာရင်းစစ် ခန့်အပ်ခြင်းနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ရွေးချယ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ Junction City Office Tower (၇)ထပ်၌ မြန်မာနိုင်ငံ ကျောက်မျက် ပညာသိပ္ပံ ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် နေမှုများအား သွားရောက် ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်သို့ ရောက်ရှိ စစ်ဆေးခဲ့ရာ ပြတိုက် တာဝန် ရှိသူများမှ ပြည်တွင်း ပြည်ပ ဧည့်သည်များ ပိုမိုသိရှိ လာရောက် လည်ပတ် လေ့လာစေရန် စီစဉ် ဆောင်ရွက် ထားရှိမှုများ၊ ဧည့်သည်ဝင်ရောက်မှု အခြေအနေများနှင့် ပြတိုက်လုံခြုံရေး ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပြတိုက်အတွင်း ပြသထားသည့် မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက် ရတနာများအား ကြည့်ရှု လေ့လာ ခဲ့ပြီးနောက် ပြတိုက် ပထမထပ်ရှိ မြန်မာ့ကျောက်မျက် အရောင်းဆိုင်များ အားလည်း လေ့လာ ကြည့်ရှုခဲ့သည်။
ယင်းနောက် မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းပိုင်မြေ အတွင်း ဖွင့်လှစ်မည့် သတ္တု ဖွံ့ဖြိုးရေးဘဏ် (Mineral Development Bank) သို့ ရောက်ရှိ စစ်ဆေးခဲ့ကြောင်း သတင်းရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment