Thursday, December 21, 2017

ရေချိုငါး မွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေး ဗဟိုဌာန ဖွင့်လှစ်နိုင်တော့မည်



ကျေးလက်နေ ပြည်သူများ ဝင်ငွေ တိုးတက်ရရှိရေး၊ ဈေးနှုန်း သက်သာ၍ အရည် အသွေး ကောင်းမွန်သည့် ငါးများကို လူတိုင်း လုံလောက်စွာ စားသုံးလာ နိုင်ကြစေရေး၊ စရိတ် သက်သာစွာဖြင့် ဆောင်ရွက်နိုင်သည့် လှောင်အိမ်စနစ်သုံး တပိုင်တနိုင် ငါးမွေးမြူခြင်း လုပ်ငန်းများ တွင်ကျယ်စွာ တိုးတက် လုပ်ကိုင်နိုင်ရေး စီမံ ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများ ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ပါဝင်စား လာစေရေး ပညာပေး စည်းရုံး ဆောင်ရွက်ရန် ယနေ့ နံနက်(၉)နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် (၃၆)၌ ကျင်းပသည့် ငါးလုပ်ငန်း ဦးစီးဌာန၏ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် ပတ်သက်သည့် ညိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ငါးမျိုး မပြုန်းတီးစေရေး အတွက် ငါးသားပေါက်ရာသီ ချိန်တွင် ငါးမဖမ်းရရာသီအဖြစ် သတ်မှတ် ဆောင်ရွက်နေ သကဲ့သို့ မီဒီယာများမှ တဆင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း နှင့် သင်တန်းများ ဆောင်ရွက် ပေးခြင်း၊ စံနမူနာပြ လုပ်ကွက်များ ဖော်ထုတ်ပြသပြီး ရေလုပ်သားများနှင့် လုပ်ငန်းရှင် များအား နည်းပညာ အပါအဝင် လိုက်နာ ဆောင်ရွက်ကြရမည့် စည်းမျဉ်း စည်းကမ်း ဥပဒေများကို တိကျစွာ သိရှိနားလည် သဘောပေါက်စေရန် ပညာပေး စည်းရုံးခြင်း လုပ်ငန်းများအား အလေးထား ဆောင် ရွက် ကြစေလိုကြောင်း၊
ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးကို အားပေး ဆောင်ရွက်နေသည့် တစ်ချိန်တည်း မှာပင် လယ်ယာမြေ အခြား အသုံးပြုခွင့်များ ဆောင်ရွက်ရာ၌ အမျိုးသား ထုတ်လုပ်မှု စွမ်းအားနှင့် နိုင်ငံ၏ ပင်မရိက္ခာဖြစ်သော ဆန်စပါး ထုတ်လုပ်မှုကို မထိခိုက်စေရန် ထည့်သွင်း စဉ်းစားရပါကြောင်း၊ မြစိမ်းရောင် စီမံကိန်း၏ အောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုး အောင်မြင်ရေး အတွက် အထူးဂရုပြု ကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီး /ပြည်နယ် ငါးလုပ်ငန်း ဦးစီးမများက ဒေသလိုက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။
ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးလုပ်ငန်း များကို စနစ်တကျ စီမံခန့်ခွဲရေး၊ တရားမဝင် ငါးဖမ်းလုပ်ငန်းများကို တားဆီး ကာကွယ် တိုက်ဖျက်ရေး၊ ရေထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင် တင်ပို့နိုင်ရေး၊ ရေထွက် ပစ္စည်းများအား နောက်ကြောင်းပြန် စိစစ်မှု (Traceability)ကို သတ်မှတ် စည်းကမ်းများနှင့် အညီ ဆောင်ရွက် နိုင်ရေး၊ ငါးဖမ်းရေယာဉ်များနှင့် ငါးချဆိပ်ကမ်းများတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး လုပ်ငန်းများကို လုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပြီး ပြည်ပနိုင်ငံ ဈေးကွက်များသို့ တရားဝင် တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်လျှက် ရှိသည်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက် အတွင်းတွင် MOBLEME အစီ အစဉ်အရ သိပ္ပံနည်းကျ ငါးလုပ်ငန်းနှင့် အဏ္ဏဝါဇီဝ မျိုးကွဲပြားမှု သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် FAO နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ KOICA နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံမှုဖြင့် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်ကုန်း ငါးလုပ်ငန်း စခန်းတွင် "ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန"ကို ဖွစ်လှစ် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment