လူမှုဖူလုံရေးအဖွဲ့ပိုင်
ဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်း
အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေး အဖွဲ့သည် တည်ဆဲ လူမှုဖူလုံရေး ဥပဒေနှင့်အညီ
အကျုံးဝင် အာမခံ အလုပ်သမားများအား မမာမကျန်းမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှုများ
ကြုံတွေ့လာရသည့်အခါ အခမဲ့ ဆေးဝါးကုသခွင့်နှင့် သက်ဆိုင်ရာ ငွေကြေးအကျိုး ခံစားခွင့်များကို
ထောက်ပံ့ပေးခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသူများ အတွက်လည်း နာရေးစရိတ်များ
ထုတ်ပေးခြင်းနှင့် ကျန်ရစ်သူ မိသားစုအတွက် အကျိုးခံစားခွင့်နှင့် လုပ်ငန်းခွင် ထိခိုက်မှုကြောင့်
အမြဲတမ်း မသန်မစွမ်း ဖြစ်သူများအတွက် ငွေကြေး အကျိုးခံစားခွင့်များ ရရှိစေသည့် အပြင်
ကိုယ်အင်္ဂါ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးပါက ခြေတု၊ လက်တု တပ်ဆင်ပေးခြင်း တို့ကိုလည်း လိုအပ်ချက်နှင့်
အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း။
လူမှုဖူလုံရေး
စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏
အားကိုး ယုံကြည်မှုများ ရရှိစေရန် IT စနစ်ကို အခြေခံ၍ Reform (၄) ခုဖြင့် ဆောင်ရွက်လျက်
ရှိပါကြောင်း၊ လူမှုဖူလုံရေး အဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မြှင့်တင်
ဆောင်ရွက်ပေးနိုင်ရေး အတွက် လူမှုဖူလုံရေးအဖွဲ့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ရန်
ပြည်တွင်းကုမ္ပဏီ (၃)ခုနှင့် ပြည်ပကုမ္ပဏီ (၄)ခုတို့မှ အဆိုပြု ကမ်းလှမ်း တင်ပြထားခြင်းများလည်း
ရှိပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုး ယုံကြည်မှု ရရှိစေရေး အတွက် လူမှုဖူလုံရေးအဖွဲ့၏
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား အဆင့် မြှင့်တင်နိုင်ရန် အတွက် ကျန်းမာရေး
ဝန်ဆောင်မှုကို Provider Purchaser Split ဖြင့် ဆောင်ရွက်ရန် ကိစ္စအား စီးပွားရေးရာ ကော်မတီသို့
တင်ပြခဲ့ရာ မူအားဖြင့် ကန့်ကွက်ရန် မရှိကြောင်းနှင့် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်
ဆောင်ရွက်သွားရန် စီးပွားရေးရာ ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၇)မှ ဆုံးဖြတ်ခဲ့ပြီး
ဖြစ်ပါကြောင်း။
လူမှုဖူလုံရေး
အကျုံးဝင် အာမခံ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဆင့်မြှင့်တင်
ဆောင်ရွက်ပေးနိုင်ရေး အတွက် လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီးများ၊ ဆေးခန်းများကိုလည်း
အဆင့်မြှင့်တင်ခြင်း၊ အသစ် တည်ဆောက်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရန် လိုအပ်မှာ
ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမားဆေးရုံ၊ ဆေးခန်းများအား အဆင့်မြှင့်တင်
ဆောင်ရွက်ခြင်း လုပ်ငန်းများကို Public Private Partnership (PPP) စနစ်ဖြင့် ဆောင်ရွက်
လုပ်ကိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက်
တက်ရောက် လာကြသည့် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့်
ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များမှ အပြန်အလှန် တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment