Wednesday, December 27, 2017

ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွားရောက်လေ့လာ၍ တွေ့ရှိချက်နှင့် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ဦးဝင်းမြဦးဆောင်သော အဖွဲ့က လာရောက်တွေ့ဆုံ ရှင်းလင်း


နေပြည်တော်၊ ဒီဇင်ဘာ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ ဒီဇင်ဘာ(၁၁)ရက်မှ (၁၅)ရက်အတွင်း သွားရောက် လေ့လာခဲ့စဉ် တွေ့ရှိရသည့် အနေအထားများ၊ အစိုးရ၏ ဆောင်ရွက်ချက်များနှင့်သတင်းများကို ပြင်ပမှ သေချာမသိကြ၍ နေရပ်စွန့်ခွာ ပြည်သူများ၏ စိုးရိပ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ သွားရောက်လေ့လာခဲ့စဉ် အချိန်က ပြည်တွင်းရှိနေရပ်စွန့်ခွာ အစ္စလာမ်ဘာသာဝင် မိသားစုများ၊ ရခိုင်တိုင်းရင်းသားများ၊ လူနည်းစု တိုင်းရင်းသားများအတွက် စီစဉ်ဆောင်ရွက်နေမှုများကို ပီပြင်စွာ တွေ့မြင်ရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများအတွက် ပြန်လည် လက်ခံရေး အဆင်သင့်မဖြစ်သေးမှုကို တွေ့ရှိခဲ့ရ သဖြင့် အစိုးရ၏ စီစဉ်ဆောင်ရွက်ထားမှု တိုးတက်မှု အခြေအနေများသိလို၍ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်၏ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတ ထံတင်ပြထားပါကြောင်း၊ ယင်းအစီရင်ခံစာတွင် လိုအပ်သည့် အကြံပြုချက်များ ဖော်ပြထား ပါကြောင်း တင်ပြဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက အဆိုပါ လေ့လာခဲ့သည့် ကာလနှင့် ယခုကာလ အခြေအနေ မတူတော့ကြောင်း၊ ယခုအခါ လုပ်ငန်းများ တိုးတက်မှုရှိနေပြီ ဖြစ်ပါကြောင်း၊ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့် သူများအတွက် တောင်ပြိုလက်ဝဲ၌ လည်းကောင်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရတွင် လည်းကောင်း ပြန်လည်လက်ခံ ရေးစခန်း(၂)ခု တည်ဆောက်ထားနေမှု၊ အဆိုပါ ပြန်လည် လက်ခံရေး စခန်းတွင် (၁)ညမှ (၂)ရက်ခန့်သာခေတ္တနေပြီး အိမ်ရှိသူများအနေဖြင့် ၄င်းတို့အိမ်ရာများသို့ တိုက်ရိုက်ပြန်နိုင်ပြီး အိမ်မီးလောင်ခံရသူများ အနေဖြင့် (၈)ခန်းတွဲ ယာယီတဲတန်းလျားတွင် ခေတ္တ နေထိုင်ရမည် ဖြစ်ပြီး ၄င်းတို့၏ အိမ်ပြီးစီးပါကပြောင်း ရွှေ့နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါယာယီစခန်းတွင် နေထိုင်စဉ် ဝန်ကြီးဌာနက စားသောက်ရေး စီစဉ်ပေးထားမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံ ရေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ (၂၂)ရက် စတင်နိုင်ရန် စီစဉ်နေပါကြောင်း၊ ဦးစွာဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိသွား သည့် ဟိန္ဒူလူမျိုး (၄၅၀)ကျော် ပြန်လည်လက်ခံရန် ရှိပါကြောင်း၊ ယာယီစခန်းတွင်နေထိုင်စဉ် အိမ်ရာ ဆောက်လုပ်ရေးတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် Cash for Work အစီအစဉ်ဖြင့် ဝင်ငွေလည်းရနိုင်မည် ဖြစ်ပါကြောင်း၊ အချိန်မီလက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အလှူရှင်ကုမ္ပဏီများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
ကော်မရှင်ဥက္ကဌက အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများ ကသိရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ အထူးသဖြင့် ပြန်လည်ဝင်ရောက် လာမည့်သူများ အတွက် ဆောင်ရွက်ထား ရှိသည့် အစီအစဉ်များကို ပွင့်လင်းမြင်သာစွာ သတင်းဖြန့် စေလိုကြောင်း ပြေကြားခဲ့ကြောင်း သတင်း ရရှိသည်။ 
(သတင်းစဉ်)

No comments:

Post a Comment