နေပြည်တော်
ဒီဇင်ဘာ ၂၇
ကလေးသူငယ်
အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး (၁/၂၀၁၇) ကို ယနေ့ နံနက်ပိုင်းက
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
လူတိုင်းကလေးသူငယ်မှ အစအခြေခံ အခွင့်အရေးများ အပြည့်အဝရရှိရန် လိုအပ် ကြောင်း၊ လူ့အခွင့်အရေး
ဖော်ဆောင်ပေးခြင်းသည် မညီမျှခြင်း၊ စိတ်ခံစားမှု ပြင်းထန်စေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော
ပဋိပက္ခများကို လျော့နည်းစေသဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ပါကြောင်း၊ ကလေးသူငယ် များ၏
အခွင့်အရေးကာကွယ်ပေးရေးနှင့် အကျိုးစီးပွား မြှင့်တင်ပေးနိုင်ရေးအတွက် ကလေးသူငယ် ဥပဒေကို
၁၉၉၃ခုနှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊ ခေတ်စနစ်နှင့်လိုက်လျော ညီထွေသော ကလေးသူငယ် အခွင့်
အရေးများ ဆိုင်ရာ ဥပဒေအသစ်ကို မကြာမီပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊ ဥပဒေအသစ်ပြဌာန်းပြီး
ပါက လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏
အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့် ရှောက်ခံပိုင်ခွင့်နှင့်
ပါဝင်ဆောင်ရွက် ခွင့်များကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်ရေး နိုင်ငံတော် အစိုးရက ဦးဆောင်၍
ကြိုးစားဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ကလေးသူငယ်များ၏
အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်း ကလေး သူငယ်များနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ၊
အလွဲသုံးစားပြုမှုများ၊ လျစ်လျူရှုမှုများ၊ ခေါင်းပုံဖြတ်မှုများကို မည်သည့် နည်းနှင့်မျှ
မပြုကြရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ
ကုလသမဂ္ဂ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် အညီ စာချုပ်တွင် ပါဝင်သောအဖွဲ့ဝင်နိုင်ငံများက
ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်(၅)ရပ်ဖြစ်သည့် ဥပဒေပြဌာန်းခြင်း၊ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်
ဆောင်ရွက်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို လိုက်နာ ဆောင်ရွက်
လျက်ရှိပါကြောင်း၊ ဒေသတွင်းအဆင့်၌လည်း အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးများ
ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်နှင့် အာဆီယံလူမှု ဝန်ထမ်းဆိုင်ရာ
အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်
များအတွက် အကျိုးရှိသည့် ရှေ့လုပ်ငန်း စဉ်များကို ယနေ့ အစည်းအဝေးတွင် ဆွေးနွေးဖော်ထုတ်
ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍
ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာအမျိုးသား
ကော်မတီ (၁/၂၀၁၆) အစည်း အဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်
ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြက ကလေးသူငယ်
အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်းဗင်းရှင်းသို့ မြန်မာနိုင်ငံကတင်သွင်းမည့် ပဉ္စမနှင့်ဆဌမအကြိမ်
ပူးတွဲ အစီရင်ခံစာနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေပြဌာန်းနိုင်ရေး ဆောင်
ရွက်ထား ရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ကလေးသူငယ် အခွင့်အရေး(၄)ရပ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို ပညာရေးဝန်ကြီး ဌာန၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က
အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီဝင်များ၊
ပညာရှင်များက ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်ရေး အကြံပြုဆွေးနွေး
ခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment