Wednesday, December 27, 2017

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများမှ ထူးချွန်သင်တန်းသူများကို နိုင်ငံခြားဟိုတယ် ၀န်ဆောင်မှု သင်တန်းသို့ ဆက်လက် စေလွှတ်ပေးမည်


နေပြည်တော် ဒီဇင်ဘာ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများကို ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် Luxembourg Agency For Development Cooperation၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA) နှင့်
ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့နှင့် ပူးပေါင်း၍ ဧည့်ကြိုသင်တန်း၊ အိမ်ခန်းဆောင် သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန် ဆောင်မှုသင်တန်း များဖွင့်ပွဲအားယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်း (ပခုက္ကူ) ၌ ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းမောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နယ်စပ်ဒေသ နှင့်  တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေ သများနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် နယ်စပ် ဒေသရှိ တိုင်းရင်း သားများအတွက် အသက်မွေး ဝမ်းကြောင်း ပညာရပ်များနှင့် ဘဝရပ်တည်နိုင်ရေး၊ လူနေမှု အဆင့်အတန်း မြင့်မား လာစေရေးတို့အတွက် နယ်စပ်ဒေသ အသီးသီးမှာ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက် မှုလက်မှုပညာ သင်တန်း ကျောင်း (၉) ကျောင်းဖွင့်လှစ်ပြီး လက်သမား၊ ပန်းရံ၊ သံချည်သံကွေးသင်တန်း၊ လျှပ်စစ်ဂဟေ သင်တန်း၊ မော်တော်ယာဉ် စက်ပြင် သင်တန်း၊ စက်ပြင်သင်တန်း၊ လက်ကိုင်တယ် လီဖုန်းပြုပြင်ခြင်း သင်တန်းစသည့် အသက် မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားပေးလျက် ရှိပါကြောင်း၊
 အမျိုးသမီးငယ်များအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း (၄၃) ကျောင်းဖွင့်လှစ်ပြီး သက်မွေးပညာရပ်များဖြစ်တဲ့ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့် စက်ချုပ် သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်း၊ ရိုးရာဂျပ် ခုတ်သင်တန်း၊ ကနုကမာ ကျောက်စီပန်းချီသင်တန်း၊ အိမ်တွင်းမှုလက်မှုကြိမ်/ဝါး သင် တန်း၊ ဟင်းလျာချက်ပြုတ်နည်း သင်တန်း တို့ကို သင်ကြားပေး လျက်ရှိသလို အိမ်တွင်းမှု သင်တန်း ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဒေသများမှာ Mobile သင်တန်းများကိုလည်း ဒေသရဲ့ လိုအပ်ချက်အရ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမည်ကို တွေရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်လာ တာနဲ့အမျှ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့် နယ်မြေများမှာ အလုပ် အကိုင်အခွင့် အလမ်းများ ရရှိလာသည့်နည်းတူ နယ်မြေ ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက ဖော်ဆောင်ပေးနေကြောင်း၊ သင်တန်း တက်ရောက်ကြမည့် သင်တန်းသူများ အနေဖြင့် သင်ကြားပေးသော သင်ခန်းစာများကို ကြိုးကြိုးစားစား သင်ယူကြရန်လိုကြောင်း၊ သင်တန်းသူ အဆက်မပြတ် ရရှိရေး၊ သင်တန်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွားကြရန် မှာကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုဖွင့် လှစ်ပေးသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၌ ထူးချွန်သည့် သင်တန်းသူများကို နိုင်ငံခြား ဟိုတယ်ဝန်ဆောင်မှု သင်တန်းများသို့ ဆက်လက် စေလွှတ်သင်ယူစေမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း ဆင်းများကိုလည်း လုပ်ငန်းခွင်သို့ တစ်ပါတည်းခန့်အပ်ပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်စဉ် မိမိဝါသနာပါသည့် နိုင်ငံခြားဘာသာ စကားများကိုလည်းပြောဆိုနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုလို ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို အခြား ပြည်နယ်/တိုင်းဒေသကြီးများ၌လည်း ဆက်လက် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး အတွက် နယ်စပ် ရေးရာ ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ပေးခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပခုက္ကူ) မှ သင်တန်းသူ (၇၅) ဦး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း (ပုသိမ်) မှ သင်တန်းသူ (၇၅) ဦး၊ စုစုပေါင်း (၁၅၀) ဦးတို့အားဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စာတွေ့ (၃) လနှင့် လက်တွေ့ (၃) လသင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပခုက္ကူ)၌ ကျောင်းအုပ်၊ နည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းဝန်း အတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment