Tuesday, December 19, 2017

ဆန်စပါး စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲ ရောင်းချသည်အထိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုနှစ်တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်ခဲ့

နေပြည်တော် ဒီဇင်ဘာလ ၁၉
ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည်မှ ကြိတ်ခွဲရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်ခုလုံးတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင် အသင်းများအနေဖြင့် ရိတ်သိမ်းချိန်လွန်လုပ်ငန်းများဖြစ်သည့် ရိတ်သိမ်းချွေလှေ့စက်များ သုံးစွဲမှုမြှင့်တင်ရေး၊ အခြောက်ခံ စက်၊ မျိုးစေ့သန့်စင်စက်၊ သိုလှောင်ရုံ တည်ထောင်ခြင်းလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးရန် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပသည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး၊ အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြောက်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍတွင် အရည်အသွေးကောင်း မျိုးစေ့ထုတ်စိုက်ခင်းများ တည်ထောင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices, GAP) လိုက်နာကျင့် သုံးရေး၊ သွင်းအားစုများ အရည်အသွေး ပြည့်မီစွာ အသုံးပြုနိုင်ရေး၊ မီဒီယာ စွမ်းအားကို အသုံးပြု၍ စိုက်ပျိုးနည်းပညာများ ပြန့်ပွားရေး အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့ထုတ်လုပ်ငန်းတွင်လည်း မျိုးစေ့ထုတ်လုပ်သူ အသင်းများ (Seed Grower Association) တည်ထောင်ဆောင်ရွက်နေရာမှ မျိုးစေ့ထုတ် သမဝါယမအသင်းများ (Seed Grower Cooperative)အဖြစ် ပိုမို ကျယ်ပြန့်စွာ ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း။
လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေး အတွက် လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရိတ်သိမ်း ချိန်လွန် (Postharvest) လုပ်ငန်းစဉ်များ၌ အသုံးပြုရန်လိုအပ်သည့် သန့်စင်စက်များ၊အခြောက်ခံစက်များ၊ သိုလှောင်ရုံများ တည်ထောင်ရာတွင် ပုဂ္ဂလိကအခန်းကဏ္ဍမှ ပါဝင်လာနိုင် ရေးအတွက် Two Step Loan ချေးငွေများ ချေးယူရရှိရေး ကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုအသင်းချုပ်  ဥက္ကဌ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး စပါးမျိုးကောင်း မျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ တောင်သူလယ်သမားများနှင့် အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အပါအဝင် ငွေကြေးအရင်းအနှီးများ ထုတ်ချေးပေးခြင်း လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးခြင်း၊ လယ်ယာသီးနှံများအတွက် သီးနှံအာမခံစနစ် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများအတွက် အားကိုးအားထားပြုရမည့် Agribusiness Services Centre များ တည်ထောင်ခြင်း၊ လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှုနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း၊ ပြည်တွင်းပြည်ပ လယ်ယာထွက်ကုန်ဈေးနှုန်းများအား ခုနှစ်အလိုက် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေ ခြင်း စသည့်လုပ်ငန်းများ၊ စီမံကိန်းများကို ပူးပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် Export Lead Crop Production စနစ်ကို ကျင့်သုံးရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှာ နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှု သာဓကအဖြစ် ယခုနှစ်တွင် နှစ်ပေါင်း(၅၀)ကျော်အတွင်း ပြည်ပသို့စံချိန်တင် ဆန်တင်ပို့နိုင်ခဲ့သည်။
ယမန်နှစ်က နွေစပါး ဧက ၉ သိန်းစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလာမည့်နွေစပါးရာသီတွင် ဧက (၁၈) သိန်းအထိ ဆည်ရေပေးဝေ နိုင်ပြီဖြစ်၍ တောင်သူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက် လျက်ရှိပြီး သွင်းအားစုများနှင့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ရယူသုံးစွဲနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေးတို့အတွက် စီမံဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment