Tuesday, December 19, 2017

ရခိုင်ပြည်နယ်တွင် ချင်းသီးနှံကို ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းကာ စတင်စမ်းသပ်စိုက်ပျိုးသွားမည်

နေပြည်တော်  ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်တွင် ချင်းသီးနှံ (Ginger) ကို ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ စတင်စမ်းသပ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပြီး အရင်းစိုက်ထုတ်မှု နည်းပါးကာ အထွက်နှုန်းနှင့် ဈေးကွက်သေချာသည့်အတွက် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ညှိနှိုင်းမှုဖြင့် ပြည်နယ်အစိုးရနှင့် ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လာမည့် မတ်လ ချင်းစိုက်ရာသီတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ချင်းသီးနှံ စမ်းသပ်စိုက်ပျိုးနိုင်ရန်အတွက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI)တို့က ချင်းမျိုးတက် ပိဿာတစ်ထောင်စီ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ စမ်းသပ်မှု အောင်မြင်ပါက ဒေသခံတောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ၀ယ်သူများနှင့် တောင်သူများအကြား အာမခံစာချုပ်များ ချုပ်ဆိုနိုင်ရေး ကြားခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း RSCCI မှ အတွင်းရေးမှူး ဦးအောင်အောင်က ပြောကြားသည်။
ပြည်တွင်းစားသုံးမှုအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုမှ နှစ်စဉ်အမေရိကန် ဒေါ်လာ ၃ သန်းဝန်းကျင် ရရှိနေသည့် ချင်းသီးနှံကို ရှမ်းပြည်တောင်ပိုင်းတွင်သာ အဓိကစိုက်ပျိုးလျက်ရှိပြီး ရခိုင်ပြည်နယ်တွင် စိုက်ပျိုးနိုင်လျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်မည့်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် လျော့ကျသွားမည် ဖြစ်သည့်အတွက် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။
"ရခိုင်ဒေသက ချင်းစိုက်ဖို့အတွက် ရေခံမြေခံ အနေအထားကောင်းတယ်၊ ဒါ့ကြောင့် အထွက်နှုန်းကောင်းမှာ သေချာတယ်၊ ဈေးကွက်အနေနဲ့လည်း အမေရိကန်၊ နယ်သာလန်၊ ဂျာမနီတို့ကို တင်ပို့ဖို့ အခွင့်အလမ်းရှိနေတယ်၊ ဒါပေမယ့် လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ၀ယ်လိုအားကို လိုက်မီအောင် မပို့နိုင်သေးဘူး"ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။
ချင်းစိုက်ဧက တစ်ဧကအတွက် မျိုးအပါအ၀င် ထုတ်လုပ်မှုကုန်ကျစရိတ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်ခန့်ရှိပြီး ပုံမှန် အထွက်နှုန်းမှာ တစ်ဧက ချင်းစိမ်းပိဿာ ၈၀၀၀ ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment