နေပြည်တော် ဒီဇင်ဘာ
၁၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းမည့်
ကျေးလက်အိမ်ပုံစံနမူနာနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌
ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်းဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၃နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ရောက်ရှိပြီး ၀န်ကြီးဌာနရုံးဝန်းအတွင်း နမူနာပုံစံအဖြစ်
ဆောက်လုပ်ပြသထားသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခုံတိုင်ကျေးရွာ၌ ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းမှ ဆောက်လုပ်လှူဒါန်းမည့် ကျေးလက်အိမ်ပုံစံကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ၀င်းမြတ်အေး၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်နှင့် SEVEN KING Construction Co.,Ltd Managing Director ဦးမျိုးကိုကို တို့က ကျေးလက်အိမ်ဆိုင်ရာ
အချက်အလက်များနှင့် ဒေသနှင့်ကိုက်ညီမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြ ကြသည်။
အဆိုပါကျေးလက်အိမ်သည်
အလျားပေ ၄၀၊ အနံပေ ၆၀ ခြံဝန်းအတွင်း တည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦ အကျယ်အ၀န်းမှာ ၁၈ပေနှင့် ၂၈ပေရှိကာ သွပ်မိုး၊ ကွန်ကရစ် ကျောက်ပြားအကာနှင့်
သစ်ခင်းအဆောက်အဦ အမျိုးအစား ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၀န်းအတွင်း ဖွင့်လှစ်ထားသည့်
“မေမေ့ရင်ခွင်” နေ့ကလေးထိန်းဌာနသို့ရောက်ရှိပြီး သုံးနှစ်အောက် ကလေးငယ်များအား အသက်အရွယ် အလိုက်
ပြုစုစောင့်ရှောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်
တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
နေ့ကလေးထိန်းဌာန ကစားကွင်း ငယ်သို့ရောက်ရှိပြီး ကလေးငယ်များ၏ ဆော့ကစားနေမှုများကိုကြည့်ရှုသည်။
အဆိုပါ နေ့ကလေးထိန်းဌာန၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းရုံးများမှ နိုင်ငံ့ဝန်ထမ်းများ၏ သားငယ်၊ သမီးငယ်များကို ရုံးချိန်အတွင်း
လက်ခံပြုစု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment