Tuesday, December 19, 2017

ပညာတန်ဆောင်စာပေပြိုင်ပွဲ ဆုနှင်းသဘင်နှင့် ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားအကြိုမိတ်ဆက် စာနယ်ဇင်းမီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၉
ပညာတန်ဆောင်စာပေပြိုင်ပွဲ ဆုနှင်းသဘင်နှင့် ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား အကြိုမိတ်ဆက် စာနယ်ဇင်းမီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် စမ်းချောင်းမြို့နယ် အမှတ်(၁) ရန်အောင်လမ်းရှိ ပညာတန်ဆောင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာတင်ညိုက အမှာစကားပြောကြားပြီး ပညာတန်ဆောင် အုပ်ချုပ်ရေးမှူး (စီမံဘဏ္ဍာ) ဆရာကြီး ဦးသောင်းခိုင်က ဆုပေးပွဲအစီအစဉ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ် များကို ပြောကြား၍ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့မှ ဦးအေးကြိုင်က ကျောင်းသား၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး အသက်စွန့်သွားခဲ့ရသည့် ဆရာမ ဒေါ်သန်းသန်းဝေအား ဂုဏ်ပြုချီးမြှင့်မည့်အစီအစဉ်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် စာနယ်ဇင်းမီဒီယာအဖွဲ့က သိလိုသည့်အချက်များကို မေးမြန်းကြရာ တာဝန်ရှိ သူများက ရှင်းလင်းပြောကြားပြီး ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ပညာတန်ဆောင်စာပေပြိုင်ပွဲဆုနှင်းသဘင်နှင့် ထပ်ဆင့်ဂုဏ်ပြုပွဲတွင် ဘာသာပြန်ပြိုင်ပွဲ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ၀တ္ထုလတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ၊ တစ်မျက်နှာဝတ္ထုတိုပြိုင်ပွဲ၊ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူ ကားချပ်ပြိုင်ပွဲ၊ ရုပ်ပြစာစီစာကုံးပြိုင်ပွဲတို့အပါအ၀င် အခြားဂုဏ်ပြုဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
ပညာတန်ဆောင်စာပေပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ပညာတန်ဆောင်ဖတ်ရှု လေ့လာမှုပိုမိုစွဲမြဲစေရန်၊ ကလောင်ရှင်များ သာမက ပညာရေးအရာထမ်းဝန်ထမ်းများ စာပေအနုပညာလက်ရာများ ပေါ်ထွက်စေရန်နှင့် ဂုဏ်ပြုချီးမြှင့်ရန် ကလောင်ရှင် စွမ်းအားပိုမိုထက်မြက်စေရန်နှင့် ပြိုင်ပွဲမှ ပေါ်ထွက်လာသော ပြိုင်ပွဲဆုရ စာမူများအား ပညာတန်ဆောင်ပရိသတ်များ ဖတ်ရှုလေ့လာခံစားမှတ်သားနိုင်ကြစေရန်၊ စာပေအားဖြင့် ပညာဖွံ့ဖြိုးစေရန်တို့ဖြစ်သည်။

သတင်းဓာတ်ပုံ-ကိုကိုဇော်

No comments:

Post a Comment