Thursday, December 21, 2017

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာ ခန်းမ၌ အိန္ဒိယနိုင်ငံ၊ Foreign Secretary, Dr. S. Jaishankar နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယ အစိုးရနှင့် မြန်မာ အစိုးရတို့အကြား ရခိုင်ပြည်နယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေး မြှင့်တင်ခြင်းများအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ရေးထိုးမည့် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် ပါဝင်သော ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးပွဲအား ဆက်လက် ကျင်းပရာ မြန်မာအစိုးရ ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အိန္ဒိယအစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံ၊ Foreign Secretary,Dr. S. Jaishankar က အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အားဖြင့် ရခိုင်ပြည်နယ်၏ အခြေခံ အဆောက်အဦနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အိန္ဒိယအစိုးရမှ မြန်မာအစိုးရအား ထောက်ပံ့ငွေအဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၅)သန်းဖြင့် (၅)နှစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅)သန်း ထောက်ပံ့သွားမည် ဖြစ်ပြီး ဆောင်ရွက်မည့် စီမံကိန်းများသည် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှုနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ် လုပ်ငန်းများ၊ အခြေခံ အဆောက်အဦ ဖန်တီးပေးခြင်းများ၊ တံတားငယ်များ ဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်မွမ်းမံခြင်း၊ အသေးစား စွမ်းအင်စီမံကိန်းများ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လုပ်ငန်းများ၊ လေ့ကျင့်ရေး စင်တာ တည်ထောင်ပေးခြင်းများ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များအား ထိန်းသိမ်းခြင်းများ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ကလေးသူငယ်များ ပြုစု စောင့်ရှောက်ခြင်း စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment