ရန်ကုန် ဒီဇင်ဘာ ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ဦးဆောင်၍
ပြည်ထဲရေးဝန်ကြီးဌာန လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ
တာဝန်ရှိ သူများပါဝင်သည့် နစ်နာကြေးပေးအပ်ရေး လုပ်ငန်းကော်မတီက အင်ဒိုနီးရှားနိုင်ငံ
ဘန်ဂျီနာကျွန်းမှ ပြန်လည်ရောက်ရှိခဲ့သည့် မြန်မာ ရေလုပ်သား (၈) ဦးအတွက် နစ်နာကြေးငွေများကို
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကာယကံရှင်များထံ တိုက်ရိုက်လွှဲပြောင်း ပေးအပ်သည်။
မြန်မာရေလုပ်သား
(၈)ဦးအတွက် နစ်နာကြေးငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေက “ နစ်နာကြေးရရှိတဲ့ မြန်မာနိုင်ငံသား
ရှစ်ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက် ကနေ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကျွန်းတွေမှာ
ရေလုပ်သားအဖြစ် လူကုန်ကူးခံခဲ့ရပြီး ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးက
အင်ဒိုနီးရှားမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး
လူကုန်ကူးခံနေရတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လူကုန်ကူးခံရခြင်းအတွက်
တာဝန်ရှိတဲ့သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့နဲ့ သက်သေအဖြစ် ရေလုပ်သား ရှစ်ဦးကလည်း
ထွက်ဆိုနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နစ်နာသူတွေ အတွက် လျော်ကြေးငွေရရှိဖို့ ဆက်လက်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လျော်ကြေးငွေ ကို အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ရုံးရဲ့
သဘောတူညီ ခွင့်ပြုချက်နဲ့အညီ ဂျာကာတာက မြန်မာသံအမတ်ကြီးက လွှဲပြောင်းရယူခဲ့ပါတယ်။ အားလုံးပေါင်းရရှိခဲ့တဲ့
ငွေပမာဏာကတော့ အမေရိကန် ဒေါ်လာ ၃၂,၂၂၉ ခန့်ကို ရေလုပ်သား ရှစ်ဦးက နစ်နာခဲ့ရတဲ့ အချိန်ကာလ
အပိုင်းအခြားနဲ့ အနေအထားပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ သုံးသောင်းနှစ်ထောင်ကျော်လောက်
ခွဲဝေရရှိခဲ့ပါတယ်ဟု ပြောသည်။
လျော်ကြေးငွေရရှိခဲ့သည့်
ကော့သောင်းမြို့နယ်မှ ဦးဇော်ဇော်မြတ် က “၂၀၁၃ ခုနှစ် ၇ လပိုင်းလောက်က ထိုင်းမှာအလုပ်
သွားလုပ်ရင်း လူကုန်ကူးခံခဲ့ရပြီး အင်ဒိုနီးရှား ရောက်သွားတယ်၊ ဟိုမှာ ငါးဖမ်းလှေတွေမှာ
အလုပ် လုပ်ရတယ်၊ လစာက သူတို့ ပေးသလောက်ပဲ ရတယ်၊ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ် ၆ လပိုင်းလောက်က
ပြန်ရောက် တယ်။ အခု လျော်ကြေးငွေ က အမေရိကန်ဒေါ်လာ ၄၉၀၀ ကျော်ရတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေများမှတစ်ဆင့်
အင်ဒိုနီးရှားနိုင်ငံ ကျွန်းများပေါ်သို့ ရောက်ရှိခဲ့ပြီး လူကုန်ကူးခံခဲ့ရသူ မြန်မာ
ရေလုပ်သားများနှင့်စပ်လျဉ်း၍ စစ်ဆေးဖော်ထုတ်ခဲ့ရာ သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး
ကျူးလွန်သူတရားခံ များပြစ်ဒဏ်ကျခံစေရေးနှင့် လူကုန်ကူးခံရသူ မြန်မာရေလုပ်သားများ နစ်နာကြေးငွေ
ရရှိရေးအတွက် အမှုနှင့်သက်ဆိုင်သူ များအား တရားရုံး၌ သက်သေထွက်ဆိုနိုင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ
တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံမှ Lembaga Perlindungan Saksi Dan Korban
(LPSK) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့ ညှိနှိုင်းဆွေးနွေးခဲ့မှုအရ
အင်ဒိုနီးရှားအစိုးရက လူကုန်ကူးမှု ပပျောက်ရေးဥပဒေနှင့် တရားစွဲဆိုခဲ့ရာ အဆိုပါ အမှုအား
သက်သေထွက်ဆိုနိုင်ခဲ့သည့် မြန်မာရေလုပ်သား ရှစ်ဦးအတွက် ၎င်းတို့ အလုပ် လုပ်ကိုင်ခဲ့သည့်အချိန်ကာလ၊
နစ်နာမှု၊ အတိုင်းအတာများအရ PT. Benjina Pusaka Resources ကုမ္ပဏီမှ နစ်နာကြေးငွေ စုစုပေါင်း
အမေရိကန် ဒေါ်လာ ၃၂,၂၂၉ ခန့်ပေးလျော်ရန် အင်ဒိုနီးရှား နိုင်ငံ ရှေ့နေချုပ်ရုံးက ယခုနှစ်
နိုဝင်ဘာ ၂၈ ရက်တွင် အမိန့်ချမှတ် ခဲ့သည်။
အဆိုပါနစ်နာကြေးငွေအား
လွှဲပြောင်းလက်ခံနိုင်ရေးအတွက် မြန်မာ ဂျကာတာ သံအမတ်ကြီး ဒေါ်အိအိခင်ဧက ဦးဆောင် ၍ အင်ဒိုနီးရှားနိုင်ငံ
ရှေ့နေ ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်ညှိနှိုင်း ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၆ ရက်တွင်
ဂျကာတာရှိ မြန်မာသံ ရုံးမှ အခမ်းအနားဖြင့် ကိုယ်စားထုတ်ယူလက်ခံခဲ့သည်။ ထို့နောက် မြန်မာသံရုံးမှ
အဆိုပါနစ်နာကြေးငွေများကို ယနေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကာယကံရှင်များထံသို့
လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-ဇော်မင်းလတ်
No comments:
Post a Comment