Tuesday, December 19, 2017

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျှောက်ထားသူများ၏ အချက်အလက်များအား စိစစ်အတည်ပြုပေးနိုင်ရေး ဆွေးနွေးပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၉
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု၊ နည်းဥပဒေထုတ်ပြန်ပြဌာန်းမှုနှင့် ခေတ်နှင့်အညီ လိုက်လျောညီ ထွေဖြစ်စေ မည့် နည်းဥပဒေ ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ပြဋ္ဌာန်းမှု၊ ပြင်ဆင်သည့် နည်းဥပဒေအရ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦး လျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၌လည်း လျှောက်ထားနိုင်မှုနှင့် လက်ရှိစင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှလျှောက်ထားလာမှု၊ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှု၊ စိစစ်ခွင့်ပြုမှု၊ ငြင်းပယ်မှုနှင့် ခွင့်ပြုပြီးသူများအား အမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးစီးမှု၊ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြု ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းတာဝန်ခံ အရာရှိက အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့်တာဝန်များ၊ အမှတ်ပေးစနစ်နှင့် လျှောက်ထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုနိုင်ရေး ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ခွင့်ပြုထားသူ မြန်မာနိုင်ငံသားဟောင်းများအနက် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားသူ (၄)ဦး၏ အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ပြန်လည်သိမ်းဆည်း နိုင်ရေးအတွက် အတည်ပြုချက်ရယူခြင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် နှစ်စဉ်သက်တမ်းအတည်ပြု ဆောင်ရွက်ပြီးစီးမှုနှင့် ကိုယ်ရေးဖြစ်စဉ် ပြောင်းလဲလျှောက်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြပြီးနောက် ဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်မှ စတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသား ဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး ခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ကုန်အထိ လျှောက်ထားသူ စုစုပေါင်း(၄၂၉)ဦးရှိပြီး ဗဟိုကော်မတီအစည်း အဝေး(၅)ကြိမ်ကျင်းပ၍ (၃၅၂)ဦးအား လူတွေ့ စစ်ဆေးအကဲဖြတ် စိစစ်အတည်ပြုကာ (၃၃၈)ဦးအား အမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်း နှင့် ကျန်(၁၄)ဦးမှာ လက်မှတ်နှင့်ကတ်ပြား  လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် လျှောက်ထားသူ များအနက် နည်းဥပဒေနှင့် ကိုက်ညီမှုမရှိသူ (၈)ဦးအား ငြင်းပယ်ခဲ့ပြီး ယခုအချိန်အထိ ဗဟိုကော်မတီသို့ လာရောက်၍ လူတွေ့စစ်ဆေးအကဲဖြတ်ရန် (၁၂)ဦးကျန်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ (၂)ဦး၊ မြန်မာနိုင်ငံသား ဟောင်း (၃၅) ဦး၊ ဆက်စပ်နိုင်ငံခြားသား(၉)ဦးနှင့် လျှောက်ထား သူများ၏ မိသားစုဝင်(၁၁)ဦး စုစုပေါင်း (၅၇)ဦး စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment