Friday, December 15, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှစ်(၇၀)ပြည့် တပ်မတော် (လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် ဝတ်စုံအားဂုဏ်ပြု ဝတ်ဆင်၍ တက်ရောက်အမှာစကား ပြောကြား


နေပြည်တော် ဒီဇင်ဘာ  ၁၅
မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(လေ) ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က လေယာဉ် များ တပ်တော်ဝင် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက် ခေတ်ကာလ ကမ္ဘာနှင့် အဝန်းဖြစ်ပွားလျက်ရှိ သည့်စစ်ပွဲ များကို လေ့လာကြည့်ပါက ဘက်မညီ စစ်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လေကြောင်း စွမ်းအားသည် များစွာအရေးပါလျက်ရှိကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် မိမိတို့၏ တပ်များတိုက်စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် လေကြောင်း စစ်ဆင်ရေးကို အဓိကထား အသုံးပြုလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သာလွန်သည့် လေကြောင်း စွမ်းအားဖြစ်လာစေရေး အတွက် မိမိတို့တပ်မတော်၏ လေတပ်ကို ခေတ်မီ လေတပ်မတော် အဖြစ် တည်ဆောက်ရ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်မောင်မောင်ကျော်က လေယာဉ် များအား တပ်တော်ဝင် အဖြစ်ကြေညာသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က လေယာဉ်များ တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။
ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်း အလေးပြုခြင်းနှင့် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းများ ပြသကြသည်။
ထို့နောက် ဇီဝီတဒါနငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၇၀ ကောင်အား ဘေးမဲ့လွှတ်ပေး ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော် ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး လှည့်လည် ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် တပ်တော်ဝင် အခမ်းအနားတွင် Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစား လေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
နှစ်(၇၀)ပြည့် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ အခမ်း အနားအား ယမန်နေ့ ညနေပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦစီးချုပ်နှင့် ဇနီးတို့က နှစ်(၇၀)ပြည့်တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည် မိသားစုများသည် အထိမ်းအမှတ် ပြခန်းများနှင့် လေတပ်စခန်း ဌာနချုပ်အလိုက် အရောင်း ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)  

No comments:

Post a Comment