Friday, December 15, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အိုဆာကာတက္ကသိုလ်မှ ပါမောက္ခများ၊ မြန်မာစာဌာနမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ


ကျိုတို ဒီဇင်ဘာ ၁၅
ဂျပန်နိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂နာရီခွဲတွင် ကျည်ဆံရထားဖြင့် အိုဆာကာမြို့သို့ ရောက်ရှိ ကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိ သူများက အိုဆာကာဘူတာတွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မော်တော်ယာဉ်များဖြင့် အိုဆာကာ တက္ကသိုလ်သို့ ရောက်ရှိပြီး Exceutive Vice President ပါမောက္ခ Tetsuo OGAWA နှင့် Center For International Education and Exchange at Osaka University မှ ဒါရိုက်တာ ပါမောက္ခ Tomono ARIKAWA တို့ ဦးဆောင်သည့် တက္ကသိုလ်မှ တာဝန်ရှိ သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အိုဆာကာတက္ကသိုလ်မှ ပါမောက္ခ များသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ အဆိုပါတက္ကသိုလ်၌ကျင်းပသည့် အိုဆာကာတက္ကသိုလ် မြန်မာ စာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံမှ ပညာတော် သင် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် အခမ်းအနားမှူးက မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာ ဆရာမများနှင့် မိတ်ဆက်ပေးပြီး မြန်မာစာဌာနမှ ကျောင်းသား ကျောင်းသူများ ကိုယ်စား ဂျပန် ကျောင်းသူနှစ်ဦးက ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြား ကြသည်။
ယင်းနောက် မြန်မာစာဌာန ဒုတိယနှစ် ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ရိုးရာ သင်္ကြန်အက၊ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေကြပြီး မြန်မာစာ ဌာနကျောင်းသား ကျောင်းသူများကိုယ်စား မြန်မာစာအဓိက ဒုတိယနှစ် ကျောင်းသူ နှစ်ဦးက နိုင်ငံတော် သမ္မတနှင့် ဇနီးတို့ထံ ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကြသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကား ပြောကြားရာ၌ မြန်မာ-ဂျပန်နှစ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က တည်းက သံတမန်ဆက်ဆံရေး စတင်ခဲ့ခြင်း ဖြစ်သည့်အတွက် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုသည် အင်မတန်ကြာ ရှည်ခဲ့ပြီဖြစ်ကြောင်း၊ အိုဆာကာ တက္ကသိုလ်တွင် ဂျပန် လူငယ်များသည် မြန်မာစာပေသာမက မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ ဂီတနှင့် အနုပညာများကိုပါ မြတ်မြတ်နိုးနိုး တန်ဖိုးထားလေ့လာကြသည်ကို တွေ့ရှိရ၍ အထူးပင် ၀မ်းမြောက်မိပါ ကြောင်း။
ဂျပန်နိုင်ငံတွင် မြန်မာစာပေကိုစိတ်ဝင်စား၍ လေ့လာသင်ယူသူများ ပိုမိုများပြား လာသည့်အတွက် မြန်မာစာပေ သင်ကြားပေးသည့် ဆရာ ဆရာမများ မလုံလောက်သဖြင့် အခက်အခဲဖြစ်ပေါ်နေ သည်ဟု ကြားသိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဂျပန်စာပေကို စိတ်ဝင်စားသူသည် ဒုတိယ သို့မဟုတ် တတိယအများဆုံးဖြစ်သည်ဟု သိရပါကြောင်း။
မြန်မာစာပေကို လေ့လာသင်ယူနေသည့် ဂျပန်လူငယ်များနှင့် ဂျပန်စာပေကို လေ့လာသင်ယူနေ သည့် မြန်မာလူငယ်များ နှစ်နိုင်ငံလုံးတွင် များစွာရှိပါကြောင်း၊ နှစ်နိုင်ငံမှ လူငယ်များ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံရာမှ တစ်ဖက်နှင့်တစ်ဖက် နားလည်မှု ပိုမိုရရှိလာပြီး ကူလူးဆက်ဆံမှု ပိုမိုများပြား လာမည် ဖြစ်ပြီး ယခင်ထက်ပိုပြီး ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း  ပြောကြားသည်။
တွေ့ဆုံပွဲ အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အိုဆာကာ တက္ကသိုလ်မှ ပါမောက္ခများ၊ မြန်မာစာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် အတူစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် ကျိုတိုမြို့သို့ ရောက်ရှိကြပြီး ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် Kinkakuji Temple သို့ သွားရောက်လေ့လာကြရာ Temple တာဝန်ခံက လိုက်လံ ရှင်းလင်း ပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး Temple တာဝန်ခံအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။
အဆိုပါ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် Kinkakuji Temple သည် ၁၃၉၇ ခုနှစ်က တရုတ်နိုင်ငံနှင့် ကုန်သွယ် ဆက်ဆံခဲ့သည့်အတွက် တရုတ်နိုင်ငံက သံတမန်များ လာရောက်သည့် အခါ ဧည့်ဂေဟာအဖြစ် အသုံးပြုရန် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၃၅၀ ခုနှစ်တွင် မူလအဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့သည့် အတွက် ၁၃၅၅ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး  ၁၉၈၇ ခုနှစ်တွင် ရွှေပြားများ ကို အားလုံးပြန်လည်လဲလှယ်ခဲ့ကြောင်း၊ ရွှေအလေးချိန် ၂၀ ကီလိုဂရမ် အသုံးပြု ထားကာ Kinkakuji Temple နှင့် ပတ်ဝန်းကျင် သဘာဝအလှကို ဆက်လက် ထိန်းသိမ်းရန်တွက် ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ၁၉၉၄ ခုနှစ်၌ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွင် စာရင်းသွင်းအသိမှတ် ပြုခြင်းခံခဲ့ရကြောင်း သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ခေတ္တတည်းခိုမည့် Kyoto State Guest House သို့ ရောက်ရှိကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် Wisteria Flower Room သို့ရောက်ရှိစဉ် Governor Mr.Keiji Yomada, Mayor of Kyoto Prefecture and member of Kyoto Chamber of Commerce and Industry Mr. Daisaky Kadokawa တို့က ကြိုဆိုနှုတ်ဆက်ကြပြီး Governor Mr.Keiji Yomada က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် Governor Mr.Keiji Yomada တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ကိုယ်စားလှယ်အဖွဲ့ဝင် များနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် The Kyoto State Guest House ၌ ကျိုတိုခရိုင်၊ ကျိုတိုမြို့နှင့် ကျိုတိုကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။
(သတင်းစဉ်) 

No comments:

Post a Comment