Sunday, December 31, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ရန်ကုန်ရုံးခွဲ) နှင့် တီဘီရောဂါ ကုဆေးရုံ-အောင်ဆန်းသို့ သွားရောက်စစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကူးစက်ရောဂါအထူးကု ဆေးရုံကြီးများဖြစ်သော  အထူးကုဆေးရုံကြီး-မင်္ဂလာဒုံ၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း (ရန်ကုန်ရုံးခွဲ) နှင့် တီဘီရောဂါ ကုဆေးရုံ-အောင်ဆန်းသို့ သွားရောက်၍ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ အထူးကုဆေးရုံကြီး မင်္ဂလာဒုံရှိ ဓါတ်ခွဲဌာန၊ GeneXpert Room၊ PCR Room၊ နှစ်သိမ့်ဆွေးနွေးပညာပေးဌာန၊ ဆေးလူမှုဆက်ဆံရေးဌာန၊ ဆေးသိုလှောင်ခန်း၊ ကျောက်ကပ် သန့်စင်ခန်းများအား လှည့်လည်ကြည့်ရှု၍ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်  ယခုလာမည့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ယာများ ကို တိုးမြှင့်တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ လိုအပ်လျက်ရှိသော CT Scan စက်တစ်လုံးကို ချက်ချင်းရရှိစေရန် ညှိနှိုင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်(စ်)ရောဂါ ကုသရေးဆိုင်ရာ သုတေသနများ ယခုထက်ပိုမို ပြုလုပ်နိုင်ရန် သုတေသန ရန်ပုံငွေမှထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ/ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများဖွင့်ထားပြီးဖြစ်၍ ဆေးရုံအုပ်ကြီးမှတဆင့် ခွင့်ပြုချက်ရယူတင်ပြ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အင်းစိန်မြို့နယ်ရှိ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(ရန်ကုန်ရုံးခွဲ) သို့သွားရောက်၍ တီဘီဆေးများ စနစ်တကျ သိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တီဘီရောဂါကုဆေးရုံ အောင်ဆန်းသို့ရောက်ရှိပြီး ဆေးယဉ်ပါးတီဘီ (MDR-TB) နှင့် ဆေးပေါင်းစုံယဉ်ပါး တီဘီ (XDR-TB) လူနာများကိုထားရှိသော ဆေးကုသဆောင်များကို လိုက်လံကြည့်ရှုသည်။ ဆက်လက်၍ တီဘီလူနာ များအတွက် ဆေးကုသဆောင်အသစ် ဆောက်လုပ်ပြီးစီးမှု၊ အမျိုးသား မှီငြမ်းပြုတီဘီဓါတ်ခွဲဌာန (National TB Reference Laboratory) အဆောက်အဦနှင့် အသစ်ဆောက်လုပ်ထားသော Bio Safety Laboratory Level(3) (BSL-3) ဓါတ်ခွဲဌာန အဆောက်အဦအတွင်းရှိ အဆင့်မြင့် Molecular ဓါတ်ခွဲခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တီဘီရောဂါကုဆေးရုံ အောင်ဆန်းမှ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ တီဘီ ရောဂါ၊ ဆေးယဉ်ပါးတီဘီ (MDR-TB) နှင့် ဆေးပေါင်းစုံယဉ်ပါးတီဘီ (XDR-TB) ရောဂါများဖြစ်ပွားမှု လျော့နည်းစေရန် ပြည်တွင်း/ပြည်ပ နည်းပညာဖလှယ် ပူးပေါင်းဆောင်ရွက်ရေး၊ ရောဂါဖြစ်ပွားပါကထိရောက်စွာ ကုသနိုင်ရေး၊ အခြားသူများ အား မကူးစက်စေရန်ကာကွယ်နိုင်ရေး၊ သုတေသနများ ယခုထက် ပိုမိုပြုလုပ်နိုင်ရေး၊ တီဘီရောဂါ အပါအဝင်ပြည်သူတို့၏ ကျန်းမာရေးအသိပညာ မြင့်မားလာစေရေးစသည်တို့ကို လမ်းညွန်မှာ ကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ရှိသူအသီးသီး မှလိုအပ်ချက် များကိုတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ချက်ခြင်းဖြည့်ဆည်း ပေးနိုင်သည်များကို  ချက်ခြင်းဖြည့်ဆည်း ပေးပြီး ရေရှည်ဖြည့်ဆည်း ပေးရမည်များကို အဆင့်လိုက်၊ အပိုင်းလိုက် ဖြည့်ဆည်းပေးနိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

No comments:

Post a Comment