Thursday, November 16, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။   

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအောင်မြင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုအတွက် ဆက်လက်ကူညီ ပံ့ပိုးပေးရေး၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စ၏ သိမ်မွေ့နက်နဲမှု၊ မြန်မာအစိုးရ၏ သဘောထားအမြင်နှင့် ကြိုးပမ်း ဆောင်ရွက်နေမှုများကို ပိုမိုသိရှိ နားလည်ရေးအတွက်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက် တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာ ထွက်ပြေးသူများအား ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်း ဆွေးနွေးနေမှုများကို ကြိုဆိုကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် သြဂုတ် ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၈၇ သန်း ပေးအပ်ခဲ့ပြီးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်တွင် ရေရှည်တည်ငြိမ် အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၌ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား စိစစ်ပြီး ပြန်လည်နေရာချထားရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး နှင့် တစ်နိုင်ငံ လုံးရှိ လူငယ်များမှ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး အတွက် Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine - UEHRD မှ ကြိုးပမ်း ဆောင်ရွက်နေမှုများ စသည်တို့ကို ထည့်သွင်း ရှင်းလင်းပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson တို့က အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသည့် ပြည်တွင်း ပြည်ပ သတင်း မီဒီယာများ၏ မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များ၏ မေးမြန်းချက် များအပေါ် ဖြေကြားရာတွင်  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လက်ရှိ ဆွေးနွေးမှုများမှာ အားရကျေနပ်စရာ ကောင်းကြောင်း၊ သင့်တော်သော အဖြေ မရရှိ သရွေ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေရမည် ဖြစ်ကြောင်း၊  မြန်မာ အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ နေရပ်ပြန်ရောက်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ နေထိုင်သူများအားလုံး အကာအကွယ်ပေး ရန်လိုအပ်ကြောင်း။
လူမျိုးတုံး သတ်ဖြတ်မှုဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုကို အရေးတကြီး လုပ်ဆောင်ရန် တိုက်တွန်းလိုကြောင်း၊  နေရပ်စွန့်ခွာထွက်ပြေးသူ များ ချောမောစွာ ပြန်လာနိုင်ရေး အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် တည်ငြိမ် အေးချမ်းမှု ပြန်လည်ရရှိရန်လိုကြောင်း၊ ထို့အတူ ယင်းဒေသရှိ လူများအားလုံး လူမျိုး၊ ဘာသာမခွဲခြားဘဲ အကာအကွယ်ပေးရန် လိုအပ်ပြီး အကြမ်းဖက်မှုများကိုလည်း ရပ်တန့်ရန် လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း လူမျိုးတုံး သတ်ဖြတ်မှု အသုံးအနှုန်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ခိုင်လုံပါမှ အတည်ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက  မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများသည် လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်မည်မ ဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အောင်မြင်မှုကို မြင်တွေ့ လိုကြောင်း၊ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ပြုလုပ်မည် မဟုတ်ကြောင်း။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက်ကူညီရန် မိမိတို့ သန္နိဌာန်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးသည် မိမိတို့၏ ထိပ်တန်း ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊  အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ရခိုင် အကြပ်အတည်း ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြန်မာနိုင်ငံ၏တိုးတက်အောင်မြင်မှုကို မိမိတို့ မဟန့်တားလိုသည့်အပြင် ရရှိပြီး တိုးတက်မှုများကိုလည်း မဆုံးရှုံးစေလိုကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်မည်ဖြစ်ရာ သြဂုတ်လအတွင်း အကြမ်းဖက်မှုများဖြစ်ပွားချိန်မှစပြီး ယနေ့အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၈၇ သန်းထိ ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်၏ လုပ်ဆောင်ချက်များကို အပြုသဘောဖြင့် ထောက်ခံကြောင်း ပြောကြားသည်။   
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး  ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် မိမိတို့ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကြပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးသူများ နေရပ်ပြန်ရောက်ရန် အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ထို့အတူ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD ကိုဖွဲ့စည်းကာ လုပ်ငန်း စတင် အကောင် အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အကြပ်အတည်းနှင့်ပတ်သက်ပြီး မိမိက ရေငုံနှုတ်ပိတ်နေသည်ဟု ပြောလာကြသည်မှာ မိမိစဉ်းစား၍မရကြောင်း၊ အမှန်တစ် ကယ်မူ မိမိနှုတ်ငုံပိတ်နေခဲ့ခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံသားဟု  မိမိကိုယ်ကိုယ်မိမိ သက်သေပြနိုင် သူများကို မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၎င်းက မိမိနိုင်ငံရေးလုပ်ရာတွင် သြဇာကြီးမားရန် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၏  အသီးအပွင့်တွေကို ပြည်သူများ ခံစားရဖို့အတွက်ဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်သည့်အခါ အတိုက်အခိုက်ခံရသည်မှာ အထူးအဆန်း မဟုတ်ကြောင်း၊ ယခင်က ပြည်တွင်းမှာရော ပြည်ပမှာပါ တိုက်ခိုက်ခံနေရကြောင်း၊ ယခုအခါမှာ ပြည်တွင်း တိုက်ခိုက်မှု မရှိသလောက်ဖြစ်သွားပြီး ပြည်ပတိုက်ခိုက်မှုများရှိနေကြောင်း၊ နိစ္စဓူဝ တာဝန် ထမ်းဆောင်ရာတွင် ရင်ဆိုင်ရမည့် ကိစ္စဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိပါက အရေးကြီးဆုံး ဖြစ်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။   
(သတင်းစဉ်)

No comments:

Post a Comment