Thursday, October 26, 2017

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးရေးနှင့် (National ID) စနစ်အတွက် (Biometric) နည်းဖြင့် မှတ်တမ်း တင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ အောက်တိုဘာလ ၂၆
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအနက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏သက်သေခံကတ်ပြား (NV Card) ထုတ်ပေးရေးလုပ်ငန်းများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ယင်းလုပ်ငန်းစဉ်ကို ယခင်ကတည်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာလျက်ရှိပြီး သြဂုတ် (၂၅)ရက် တွင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာ(၁၂)ရက်မှစ၍  ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၌ စတင်ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အောက်တိုဘာ (၂၅)ရက်အထိ (National ID) စနစ်အတွက် (Biometric) နည်းဖြင့် စိစစ်မှတ်တမ်းတင် ဆောင်ရွက်၍ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးပြီးသူမှာ အမျိုးသား (၇၀)ဦး၊ အမျိုးသမီး (၂၉)ဦး၊ စုစုပေါင်း (၉၉)ဦးရှိပြီး၊  (National ID) စနစ်အတွက် (Biometric) နည်းဖြင့် သီးသန့် မှတ်တမ်းတင်ပြီးသူ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး(၈)ဦး၊ စုစုပေါင်း(၂၂)ဦး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေသခံရွာသူရွာသားများအား (NV Card) ထုတ်ပေးခြင်းနှင့် (National ID) စနစ်အတွက် (Biometric) နည်းဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပျက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေးရရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (National Verification Process) အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment