Thursday, October 26, 2017

သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သုတေသနစီမံကိန်း ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏တတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ JST-JICA တို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသုတေသနစီမံကိန်း ပေါင်းစပ်ညှိနှိုင်းရေကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့နေရသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဒဏ်ခံ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အတတ်ပညာများ ပြန့်ပွားလာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာ သုတေသန လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏အရေးပါသော အဆင့်မြင့်ပညာရေးကဏ္ဍ၏ သုတေသန စွမ်းဆောင်ရည်တိုးမြှင့်ရေးနှင့် ပညာအခြေပြု လူမှုစီးပွားရေးအသိုက်အဝန်းအတွက် Knowledge Hub တစ်ခုဖြစ်လာစေရေးအတွက် စွမ်းဆောင်ရာတွင် သုတေသန လုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုဆိုပါ ကြောင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ရည်မှန်းချက် ရောက်ရှိအောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေး၌ ရှေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက် ကြမည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ သဘောတူညီချက်များရရှိခဲ့သည်။ အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ Japan Science and Technology Agency (JST) and Japan International Cooperation Agency (JICA) တို့၏ သုတေသနအစီအစဉ်တစ်ခုဖြစ်သည့် SATREPS 2014: “Development of a Comprehensive Disaster Resilience System and Collaboration Platform in Myanmar” သုတေသန စီမံကိန်းကို (၂၀၁၅-၂၀၂၀) အထိ (၅) နှစ် စီမံကိန်းဖြစ်ပြီး ပြည်တွင်းရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်ဦးဆောင်သည့် အဖွဲ့ဝင်သုတေသနဌာနများဖြင့် သုတေသန လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment