Thursday, October 26, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်

ဗန်ကောက်၊ အောက်တိုဘာ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Sanam Luang ၌ ပြုလုပ်သည့် နတ်ရွာစံထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပနအခမ်းအနားသို့ တက်ရောက်ကြသည်။

တော်ဝင်ဈာပနအခမ်းအနားသို့ အာဆီယံနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ ဘုရင်များနှင့် မိဖုရားများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ မိတ်ဆွေများနှင့် အထူးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် တော်ဝင်ဈာပန အခမ်းအနား ကျင်းပမည့် ဗန်ကောက်မြို့ Sanam Luang သို့ ရောက်ရှိကြရာ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
နတ်ရွာစံထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပန အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စတင်ကျင်းပသည်။
တော်ဝင်ဈာပနအခမ်းနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နတ်ရွာစံထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျ ၏ တော်ဝင်မီးသင်္ဂြိုလ်စင်၌ စန္ဒကူးပန်းများ ကြဲချပေးပြီး တော်ဝင်ဧည့်ခန်းမဆောင်သို့ သွားရောက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာဗာဂျီယာလောင်ကွန်းနှင့် မိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် နတ်ရွာစံ ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ၏ တော်ဝင်ဈာပနအခမ်းအနားမှ ခေတ္တတည်းခိုသည့် Okura Prestige Hotel သို့ ပြန်လည်ရောက်ရှိ ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment