Wednesday, October 4, 2017

ကလေးစာပေပွဲတော်(သထုံ)ကို ကွန်ပျူတာတက္ကသိုလ်၌ သုံးရက်ကြာ စည်ကားစွာ ကျင်းပမည်



သထုံ    အောက်တိုဘာ  
မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံမြို့နယ် စာကြည့်တိုက်များ ကွန်ရက်တို့ ပူးပေါင်းကာ ကလေးစာပေပွဲတော်(သထုံ)ကို ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စာကြည့်တိုက်ကွန်ရက်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကလေးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာပေဗဟုသုတ ရရှိရေး၊ ဉာဏ်ရည်ထက်မြက်ရေးနှင့် ကလေးများ စွမ်းရည် မြှင့်တင်ရေးတို့အတွက် ကလေးစာပေပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သထုံမြို့နယ် စာကြည့်တိုက်များ ကွန်ရက်၏ အတွင်းရေးမှူး နောင်ကုလားဘုရားလေးတိုက်ကျောင်း ဆရာတော်   အရှင် န္ဒ၀ံသက မိန့်ကြားသည်။

“ပြီးခဲ့တဲ့နှစ်က မော်လမြိုင်မှာ ကလေးစာပေပွဲတော်ကို နိုင်ငံတော်က လာပြီး လုပ်ပေးတယ်။ အဲဒီမှာ ဒီက ကလေးတွေကို ပို့ပေးရင်းနဲ့ ဦးဇင်းတို့ဆီမှာလဲလုပ်မယ်လို့ ရည်မှန်းချက်ထားတာ။ ကွန်ရက်တစ်နှစ်ပြည့်မှာ ဒီမှာရှိတဲ့ ပြန်/ဆက်ဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ ချိတ်ဆက် မိပြီးတော့ အားလုံးပူးပေါင်းပြီး လုပ်ဖြစ်သွားတာ” ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံ၏ အနာဂါတ်ခေါင်းဆောင်များဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များ မြင့်မားလာစေရန်၊ စာပေနှင့်ရင်းနှီးပြီး ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန်၊ စာကြည့်တိုက်ကို လူကြီးလူငယ်မည်သူမဆို အသုံးပြု လာစေရန်၊ စာကြည့်တိုက်များ၏ လှုပ်ရှား ဆောင်ရွက်မှုများကို ပြည်သူအများ သတိထားမိစေရန်၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၏ ရှင်သန်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန်၊ စာကြည့်တိုက်ကို အသုံးပြု၍ အသိပညာ၊ အတတ်ပညာ နည်းပညာများကို ရှာဖွေနိုင်ကြောင်း သိရှိစေရန်၊ စာကြည့်တိုက်များနှင့် လူမှုအဖွဲ့အစည်းများ လက်တွဲဖော်ဆောင်လာစေရန် စသည့် ရည်ရွယ်ချက်များ ထားရှိကာ ကလေးစာပေပွဲတော်(သထုံ)ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့်  စာအုပ်ရောင်းပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊   ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်း ပြိုင်ပွဲများ၊ ပြခန်းများ၊ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များတို့ကို ထည့်သွင်းကာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ကလေးစာပေပွဲတော်(သထုံ) ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment