Saturday, October 28, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည်  ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ   မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ စစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်၊ မြန်မာသံရုံး ဝန်ထမ်းများ၊ စစ်သံရုံး ဝန်ထမ်းများ မိသားစုဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  နိုင်ငံတော် သမ္မတအား  သံအမတ်ကြီး က   သံရုံးလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ 
ထို့နောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် သံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာ သံရုံးဝန်ထမ်းများ၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး သံရုံးအတွင်း လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီး က နေ့လည်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ 
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် သံရုံး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် မြန်မာသံရုံးမှ ခေတ္တ တည်းခိုသည့် Okura Prestige Hotel သို့ ပြန်လည် ရောက်ရှိကြသည်။ 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ခေတ္တ တည်းခိုသည့် Okura Prestige Hotel မှ မော်တော်ယာဉ်များဖြင့် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Wing-6 သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long နှင့် ဇနီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment