Saturday, October 28, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် (၁၁)ကြိမ်မြောက်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များနှင့် (၁၁)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းကော်မတီ(၅) ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်း၊ မြန်မာ့စီးပွားရေးဖိုရမ် (မြေယာလုပ်ငန်းအဖွဲ့-မြို့ပြ)၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်(ကြက်မွေးမြူရေးကဏ္ဍ)၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရာတွင် မူဘောင်တစ်ရပ်ချမှတ်၍ လုပ်ငန်းစီမံချက်ဖော်ဆောင်နိုင်ရန်   "မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ပဏာမဖော်ပြချက် စာတမ်း " ကို ၂၀၁၆ခုနှစ်၊ မတ်လတွင် ပြုစုထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ထိုမူဘောင် ကို အခြေခံ၍ နိုင်ငံတော်မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ခုနှစ် အောက်တိုဘာ ၂၄ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၁၆ဖြင့် အဖွဲ့ဝင် ၁၉ဦးနှင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၅)ရပ်ချမှတ်ကာ ၄င်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၅)ရပ်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအစည်းအဝေးကို နှစ်လလျှင် (၁)ကြိမ်ဖြင့် (၅)ကြိမ်ကျင်းပခဲ့ပြီး လုပ်ငန်း ကော်မတီ(၅)ရပ်၏ အစည်းအဝေးများကို အနည်းဆုံး တစ်လ(၁)ကြိမ်ကျင်းပလျက်ရှိရာ (၄၆)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၁၇ခုနှစ် စက်တင်ဘာလအထိ (၁၀)ကြိမ်တွေ့ဆုံခဲ့ပြီး လုပ်ငန်းရှင် များ၏ တင်ပြချက် စုစုပေါင်း (၁၅၇)ချက်အပေါ်တွင် ဖြေရှင်းပြန်ကြားချက်(၁၅၆)ချက် အား မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များထံသို့ ပြန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အလွန် အရေးကြီးသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင်လည်း ပုဂ္ဂလိက ကဏ္ဍပါဝင်မှုမှာ တိုးတက်လျက်ရှိပြီး၊ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ (၃၀)ရက်အထိ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပို့ကုန်မှာ ၆၅ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ ၉၄ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ကုန်သွယ်မှုတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ၈၃ရာခိုင်နှုန်း အထိ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊
လက်ရှိအခြေအနေတွင် ဆန်ဝယ်လိုအား တက်လာမှုကြောင့် အတွေ့အကြုံ နုနယ်သေးသည့် ပို့ကုန်လုပ်ငန်းရှင်တချို့အနေဖြင့်ယခင်က ဖြစ်ပေါ်ခဲ့ဘူး ခြင်းမရှိသည့် ရောင်းဝယ်မှုတွင် အားနည်းချက်များ ဖြစ်ပွားခဲ့သည်ကို သိရှိရပါကြောင်း၊ လယ်ယာ ထွက်ကုန်သီးနှံများနှင့် အရောင်းအ၀ယ်လုပ်ငန်းများ စနစ်တကျရှိစေရေး၊ တောင်သူ များ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အရောင်းအ၀ယ်မှန် စသည့် မှန်(၄)မှန် ဖြစ်ပေါ်စေရေးအတွက် မြို့ကြီးများတွင် သီးနှံကုန်စည်ဒိုင်များ ဖွဲ့စည်းထားခဲ့ပြီး ကုန်စည်ဒိုင်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်မှု၏  အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ပြည်တွင်းကူးသန်း ရောင်းဝယ်မှု မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် ဈေးနှုန်းများ သတ်မှတ်ရာတွင် မှန်ကန်မျှတမှုရှိသည့် ဈေးကွက်ပေါက် ဈေးအတိုင်း လုပ်ဆောင်သွားကြရန်လိုအပ်ပြီး အဆိုပါလုပ်ငန်းများအား ကုန်စည်ဒိုင်များက ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရောင်းဝယ်မှုလုပ်ငန်းများတွင် ဥပဒေနှင့် အညီ ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့၊ ပြည်ပသို့တင် ပို့ရောင်းချရာတွင်လည်း နိုင်ငံ၏ ကောင်းသောဂုဏ်သတင်းကို မထိခိုက်စေရန် ကိုယ်စီတာဝန်ယူ ထိန်းသိမ်းကြ ရန်လိုအပ်ပါကြောင်း၊ ကုန်စည်ဒိုင်များမှလည်း သီးနှံများ ရောင်းဝယ်ရာတွင် ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း စနစ်တကျထိန်းကြောင်းပေးရန် လိုအပ်သကဲ့သို့ UMFCCIနှင့် သီးနှံဆိုင်ရာအသင်း အဖွဲ့အစည်းများကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြု စေမည့် ဥပဒေ(၂)ခု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပထမဥပဒေဖြစ်သည့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သကဲ့သို့ နည်းဥပဒေနှင့် အမိန့် ကြော်ငြာစာများကိုလည်း ထုတ်ပြန်နိုင်ခဲ့ပြီး ယခုဆိုလျင်လက်တွေ့ အသုံးချအကောင် အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူဖြစ်စေရန် နောက်ထပ် ဥပဒေတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကိုလည်း ယခုနှစ်အတွင်းတွင် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူတိုင်းသည် ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီဥပဒေများကို စောင့်ကြည့်လေ့လာသုံးသပ်ပြီးမှ ရင်းနှီးမြှုပ်နှံမှု များကို ဆုံးဖြတ်လုပ်ကိုင်ကြမည်ဖြစ်ရာ ယင်းသို့ အရေးကြီးသည့် ဥပဒေ ( ၂ ) ခုကို အစိုးရက တာဝန်ယူသည့် သက်တမ်းကာလ ( ၂ ) နှစ်အတွင်းတွင် ပြဋ္ဌာန်းနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခုဆိုလျင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုအမိန့်များကို မိမိတိုင်းဒေသကြီး ဥပဒေအရ လုပ်ပိုင်ခွင့်ရရှိသည့် ဘောင်အတွင်းမှ စိစစ်ခွင့်ပြုပေးနေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် တည်ငြိမ်အေးချမ်း မှုမရှိသည့် ဒေသများမှ ပြည်သူများအတွက်  အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပြီး ပုံမှန်ဝင်ငွေရရှိအောင် ဆောင်ရွက်ရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်  ကုန်သွယ် မှုဆိုင်ရာ အစီအမံများကိုလည်း နိုင်ငံတော်မှ ဦးဆောင်၍ လုပ်ဆောင်နေသည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဦးဆောင်မှုအောက်တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဦးဆောင်သည့် ညီနောင်အသင်း အဖွဲ့များက အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊
ကော်မတီအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဂရုပြု လုပ်ဆောင်နေသည့် နောက်ထပ် နယ်ပယ်တစ်ရပ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စား စောင့်ကြည့်သည့် ကမ္ဘာဘဏ်၏ Ease of Doing Business in Myanmar အညွှန်းကိန်း တိုးတက်ရေး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ စီးပွားလုပ်ငန်း များလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူ လျင်မြန်စေရေးကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၀၁၄ခုနှစ် ကတည်းက စတင်ပါဝင်လုပ်ဆောင်ခဲ့ရာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် မြန်မာနိုင်ငံ၏ ပျမ်းမျှအဆင့်မှာ ၁၈၂ ရှိခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်စပ်နေသည့် အစိုးရဌာနများမှ လုပ်ဆောင် ပေးရသည့် ၀န်ဆောင်မှု လုပ်ငန်းများကို အညွှန်းကိန်း(၁၀)ခုနှင့် သတ်မှတ် တိုင်းတာခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အဆင့်မှာ ၂၀၁၇ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၀ ပါဝင်ရာ အဆင့် ၁၇၀ အထိ ရောက်ရှိလာပါကြောင်း၊ ဥပဒေများ၊ ဌာနများ မည်မျှပင် ရှိစေကာမူ လက်တွေ့ လုပ်ကိုင်ရာတွင်ခက်ခဲနေလျင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရန် မဖြစ်နိုင် သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မျှော်မှန်းသလောက် ရရှိနိုင်မည် မဟုတ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု အဆင့်တိုးတက်လာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ကာ အထောက်အကူပြု အဖွဲ့တစ်ရပ် ဖွဲ့စည်းတာဝန် ပေးအပ်ထားပါကြောင်း၊ အဆိုပါအဖွဲ့သည် ကမ္ဘာ့ဘဏ်မှ ပညာရှင်များနှင့် နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အညွှန်းကိန်း တစ်ခုချင်း တိုးတက်လာရန်အတွက် လုပ်ငန်းအဖွဲ့ တစ်ခုစီကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် ဦးဆောင်ပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ကြုံတွေ့ရသည့် လက်တွေ့အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုပါကြောင်း၊
ယခုတွေ့ဆုံပွဲတွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖော်ထုတ်ရယူပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီ ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က အသေးစားနှင့် အလတ်စီးပွားရေး လုပ်ငန်းများအတွက် လုပ်ရှင်များအား ချေးငွေများ ထုတ်ချေးပေးသွားမည့် အခြေအနေ၊ လယ်ယာ ထွက်ကုန်ပစ္စည်းများ ပြည်ပသို့ အရည်အသွေးမီ တင်ပို့နိုင်ရန်အတွက် လယ်ယာထွက်ကုန် ပစ္စည်းများ စနစ်တကျသိုလှောင် နိုင်ရန် သိုလှောင်ရုံများ (Silos) ဆောက်လုပ်သွားမည့် အခြေအနေ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံသူများ၊ ရင်းနှီးမြှုပ်နှံရာတွင် လျှင်မြန်လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် One Stop Service ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊  စက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ပြည်တွင်းတွင် မော်တော်ယာဉ် ထုတ်လုပ် နိုင်ရေးနှင့် နိုင်ငံပိုင်စက်ရုံများမှ အရေအသွေးမီ ပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပဲအစားစီးပွားရေးတွက်ခြေကိုက်မည့် အခြားသီးနှံများ စိုက်ပျိုးနိုင်မှု အခြေအနေ၊ ပြည်သူများသားငါး စားသုံးမှုဖူလုံသက်သာစေရန်အတွက် ကြက်မွေးမြူ ရေးအခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု အခြေ အနေများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကားတင်သွင်းမှု မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ငန်းများ လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေသစ် ရေးဆွဲနေမှုအခြေအနေများကိုလည်းကောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်(ကြက်မွေးမြူရေး ကဏ္ဍ)၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာ့စီးပွားရေးဖိုရမ် (မြေယာလုပ်ငန်းအဖွဲ့-မြို့ပြ)တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးသည်။
ယင်းနောက် ဒုတိယသမ္မတကနိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment