Thursday, October 5, 2017

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ



ထားဝယ်     အောက်တိုဘာ   
ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက်နံနက် ၃ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဒေါင်းငူရပ်၊ ဆိပ်ကမ်းသာလမ်း ၊ထားဝယ်မြစ်ကမ်းကျင်းပရာတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဒေါက်တာလဲ့လဲ့မော် နှင့် တာဝန်ရှိသူများက ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ထားဝယ် ရိုးရာသပိတ်မျှောပွဲ ကိုကိုယ်တိုင်ပါဝင် ကုသိုလ်ပြုကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာသပိတ်မျှော မုခ်ဦး မှစ၍ အကွေ့  (၁၂)ကွေ့ ရှိသောဝင်္ကပါကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ ကုသိုလ်ယူကြသည်။

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့ တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊အလှူရှင်များက သပိတ်မျှောပွဲလာရောက်ကြည့်ရှု့ သူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင်  မီးပုံးပျံအငယ် လွှတ်တင်ခြင်း၊ ဇာတ်သဘင်များဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအကများနှင့် အိုးစည်ဒိုးပတ်အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ လာရောက်ကြည့်ရှု့ အားပေးလျက်ရှိသည်။

ထူးခြားချက်အနေဖြင့် ယခုနှစ်ထားဝယ်ရိုးရာ သပိတ်မျောပွဲတော်တွင် ပျောက်ကွယ်နေသောရှေးထားဝယ် ရိုးရာ ယမ်းအကကို ကပြတင်ဆက်ကြောင်း သိရှိရသည်။

ယင်းယမ်းအကမှာ လွန်ခဲ့သောနှစ်ပေါင်း ၃ဝဝ ကျော်ကတည်း က ရှိခဲ့၍ ထားဝယ် မြို့၌ယမ်းအက အကမဖြစ်သည်မှာနှစ်ပေါင်း ၇ဝ ကျော်ရှိနေပြီး ယခုနှစ်ထားဝယ်ရိုးရာ သပိတ်မျောပွဲတော်တွင် ယမ်းအကကို ပြန်လည် ကပြခဲ့ကြောင်း သိရှိရသည်။ ၎င်းယမ်းအကတွင် ယိမ်းကာ နွဲကာ ကရသည့် အကမျိုး ဖြစ်ပြီး ယမ်းအက မှာ ရိုးရာနတ်ကိုးကွယ်မှုနှင့် နှီးနွယ်သည်ဟု သိရှိရသည်။

သပိတ်မျှောပွဲကို နံနက် ၁ နာရီမှစ၍ နံနက် ၅ နာရီအထိ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှော ကုသိုလ်ယူလျက် ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး( ပြန်/ဆက်)

No comments:

Post a Comment