Thursday, October 26, 2017

မောင်တောမြို့နယ် သစ်တုံးနားခွဆုံကျေးရွာအုပ်စုတွင် နေအိမ် ၈၆ လုံး ပြန်လည်တည်ဆောက်ရန် ပန္နက်တင်

မောင်တော အောက်တိုဘာ  ၂၆
မောင်တောဒေသတွင် အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တိုင်းရင်းသားကျေးရွာများ ပြန်လည် တည်ဆောက်ရေး ဆောင်ရွက်ပေးလျက်ရှိရာ သစ်တုံးနားခွဆုံကျေးရွာအုပ်စုတွင် နေအိမ် ၈၆ လုံး တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီ၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က  ဒေသခံမြိုတိုင်းရင်း သားများနှင့် တွေ့ဆုံကာ တိုင်းရင်းသား များအနေဖြင့် အရေးကြီးလျှင် သွေးနီးရန်နှင့် စည်းလုံး ညီညွတ်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကို အကူအညီပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း အစိုးရ၏ လုပ်ဆောင်ချက်များကို ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက  ပြန်လည် ထူထောင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး၊ ဒေသဖွံ့ဖြိုးရေးစသည်တို့ကို နိုင်ငံတော် အစိုးရက ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ်ပေါ်လာအောင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လာရောက်ကူညီကြမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား နေအိမ်များ တည်ဆောက်မည့် မြေနေရာတွင် ပန္နက်တိုင်များ အသီးသီး စိုက်ထူပေးကြသည်။
သစ်တုံးနားခွဆုံ ကျေးရွာအုပ်စုတွင် ခရုချောင်း၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်း(အောက်) မြိုတိုင်းရင်းသား ကျေးရွာများစုစည်းပြီး ပြန်လည်နေရာချထား ပေးခြင်းဖြစ်ပြီး အိမ်ရာ ၈၆ လုံးအား တစ်ကွက်လျှင် ပေ(၄၀×၆၀) အကျယ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကြိမ်ချောင်း ကျေးရွာရှိ ရွာမကျောင်းတိုက် ဆရာတော်နှင့် သခင်ယေရှုခရစ်အသင်းတော်မှ  သင်းအုပ်ဆရာတော်တို့အား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

(နိုင်လင်းကြည်၊ သန့်ဇင်ဝင်း)

No comments:

Post a Comment